ပင်လည်ဘူးမြို့တွင်စစ်ကောင်စီနှင့် PDF တို့တကျော့ပြန်တိုက်ပွဲပြင်းထန်နေ

ဖေဖော်ဝါရီ ၂၃ ၊ ပင်လည်ဘူး 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ပင်လည်ဘူးမြို့မှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ဒေသကာကွယ်ရေးတပ် PDF တို့ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စပြီး ၂၂ ရက်နေ့အထိ ပြင်းပြင်းထန်ထန်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း နှစ်ဖက် သတင်းရင်းမြစ်များအရ သိရပါတယ်။ 

ကောလင်းမြို့ကို စစ်ကောင်စီတပ်များက ပြန်လည်သိမ်းပိုက်ပြီးနောက် ပင်လည်ဘူးမြို့ကို သိမ်းပိုက်ရန်အတွက် KIA+PDF များက ပြန်လည်ကြိုးစားနေခြင်းဖြစ်ကြောင်း ဒေသခံတချို့က ဆိုပါတယ်။ 

“ ကောလင်းကျသွားတော့ PDF တွေက  ချပ်သင်းနဲ့ ပင်လည်ဘူးဘက်ဆုတ်သွားတာလို့ သိရတယ်၊ ချပ်သင်းဘက်လည်း လေယာဉ်တွေနဲ့ကျဲတော့ ပင်လည်ဘူးဘက်သွားစုပြီး ပင်လည်ဘူးကို သိမ်းဖို့ လုပ်ကြတာထင်တယ်”ဟုပင်လည်ဘူးနယ်စပ်အနီးရှိ ဒေသခံတစ်ဦးကဆိုပါတယ်။ 

တိုက်ပွဲဟာ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး ဗန်းမောက်မြို့နား အထိပါ လက်နက်ကြီးပစ်ခတ်သံကို ကြားရကြောင်း ဗန်းမောက်မြို့အနီးရှိ ပြည်သူတစ်ဦးကလည်း ပြောပါတယ်။ 

 ပင်လည်ဘူးမြို့နယ်ဟာ  ဆက်သွယ်ရေးစနစ်ဖြတ်တောက်ခံထားရတာကြောင့်  ဒေသတွင်း သတင်းရင်းမြစ်များကို ဆက်သွယ်နိုင်ခြင်းမရှိသော်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ၏ မီဒီယာများအရလည်း တိုက်ပွဲဖြစ်နေသည်မှာ မှန်ကန်ကြောင်းနှင့် လေကြောင်း စစ်ဆင်ရေးများ ဆောင်ရွက်နေကြောင်းဖော်ပြထားပါတယ်။ 

ပင်လည်ဘူးမြို့၏ လက်နက်ကိုင်တော်လှန်ရေးသည် ပတ်ဝန်းကျင်နယ်မြေများအထိ ပျံ့နှံ့ခဲ့ပြီး ဗန်းမောက် ၊အင်းတော် ၊ ကောလင်း ၊ ဝန်းသို ၊ ဖောင်းပြင်နှင့် ဟုမ္မလင်းဒေသများအထိပါ ရိုက်ခတ်မှုများ ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *