ဖေဖော်ဝါရီ ၇ ၊ လွိုင်တိုင်းလျန်း
ပင်လုံကတိကဝတ် ၊ ပင်လုံစာချုပ် သဘောတူညီမှုတွေကို စုပေါင်းအကောင်အထည်ဖော်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ လက်ရှိတိုင်းပြည်အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ထုတ်ပြန်ပြောဆိုပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ (၇၆) မြောက်သျှမ်းပြည်အမျိုးသားနေ့ ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခြင်းကြောင့် ပြည်ထောင်စုစုပေါင်းတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတိရစေဖို့ ပြောဆိုထားပါတယ်။
ပင်လုံစာချုပ်ဆိုတာက အနာဂတ်တိုင်းပြည်တည်ဆောက်ရေးမှာ ဖက်ဒရယ်ဒီမိုကရေစိပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်ပြီး တိုင်းရင်းသားများအားလုံး အေးအတူပူအမျှငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းကို ဖော်ညွှန်းတယ်လို့ဆိုပါတယ်။
“ စာချုပ်ကြောင့်ရှမ်းပြည်နယ်မှာရှိတဲ့ ရှမ်းတွေကကော ဘယ်လိုမျိုးပြောင်းလဲသွားသလဲ သူတို့တောင်ဘာမှမဟုတ်တာကို ကျနော်တို့ဆိုပြောစရာကိုမလိုဘူး သိနေတယ် ။ သူတို့စခဲ့တာဟာကို ပြီးဆုံးခန်းတိုင်အောင်သွားဖို့အတွက်ဆို ကျနော်တို့ဒီလူငယ်တွေမှာလဲ အသိတရားလေးတော့ရှိရမယ် ပြီးအောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ ပံ့ပိုးပြီး ဆက်လက်ပြီး ဒီနေ့ကိုကြိုဆိုလိုက်တယ်ပေါ့ ” လို့ ရှမ်းလူငယ်တစ်ဦးက ပြောပါတယ်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ (၇) ရက်နေ့မှာ ရှမ်းပြည်အတွင်းရှိ ရှမ်းစော်ဘွားများ စုပေါင်းကာ သျှမ်းပြည်ကောင်စီကိုဖွဲ့စည်းနိုင်ခဲ့တာ ၊ ရှမ်းပြည်အမျိုးသားသီချင်း ၊ အလံတော်တွေကို အတည်ပြုခဲ့တာဖြစ်ပြီး ဒီကနေ အခြေတည်ကာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တောင်တန်းပြည်မ ပေါင်းစည်းခြင်း ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တဲ့နေ့တစ်ခုလည်းဖြစ်ပါတယ်။
ဖေဖော်ဝါရီ (၇) ရက်နေ့ကို ရှမ်းပြည်အမျိုးသားနေ့လို့ ဆိုကြသလို ရှမ်းအမျိုးသားနေ့လို့ပြောဆိုမှုတွေရှိပြီး ဒီနေ့မျိုးမှာ ရှမ်းပြည်တစ်ဝှမ်းမှာ အထိမ်းအမှတ်ပွဲတွေပြုလုပ်ကြတာလည်းဖြစ်ပါတယ်။