စက်တင်ဘာ ၁၂၊ မိုးကောင်း
မိုးကောင်းမြို့နယ် ၊ ပင်းဘောကျေးရွာအုပ်စု ထုံးရေပေါက်ပြည်သူ့စစ်ဂိတ်အနီးတွင် စက်တင်ဘာလ (၁၀)ရက်၊ ည (၁၂)နာရီအချိန်မှာ လူငယ်နှစ်ဦး သေနတ်ပစ်ခံရပြီး တစ်ဦးဒဏ်ရာပြင်းထန်ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရပါတယ်။
“ ထုံးရေပေါက်ရွာမှာ သူတို့က ရန်သွားဖြစ်ကြတာ လူငယ်တွေ ရန်ဖြစ်ပြီးပြန်လာတဲ့အခါကျတော့ ပြန်တဲ့အချိန်ကလည်း ၁၂ နာရီကျော်ပြီလေ ဂိတ်ကတားတဲ့အခါကျတော့ သူတို့ကမကြားတာလား ဘာလားတော့မသိဘူး မောင်းရင်းနဲ့ ကင်းပုန်းဝပ်တဲ့ဟာက ပစ်ခဲ့တာသူတို့ကို” ဟု ဖြစ်စဉ်ကို သိရှိသူ ကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
ကျည်ထိမှန်သွားသူ လူငယ်နှစ်ဦးတွင် တစ်ဦးမှာ လက်မောင်းကို ထိမှန်ပြီး နောက်တစ်ဦးက တင်ပါးဆုံကို ထိမှန်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ တင်ပါးဆုံထိမှန်သူလူငယ်က စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ စုံစမ်းသိရပါတယ်။
သေနတ်ပစ်ခံရပြီး ကျည်ထိမှန်သွားသူ နှစ်ဦးမှာ အသက်(၁၆)နှစ်ဝန်းကျင်သာရှိသေးတဲ့ ကုန်းတန်းကြီးကျေးရွာက လူငယ်များဖြစ်တယ်လို့ ဟု သိရပြီး ၎င်းတို့ကို ပြည်သူ့စစ်များက ပစ်ခတ်ခဲ့တာလို့လည်း ကုန်းတန်းကြီးကျေးရွာသားတွေက အတည်ပြုပါတယ်။
ဖြစ်စဉ်ဟာ ပစ်ခတ်ခံရတဲ့ လူငယ်နှစ်ဦးအပါအဝင် လူငယ် (၈)ဦးခန့်ဟာ ထုံးရေပေါက်ကျေးရွာမှာ ခိုက်ရန်ဖြစ်ပွားပြီးနောက် ပြန်လာရာ အဆိုပါဂိတ်အရောက်မှာ ပြည်သူ့စစ်တွေက အော်ဟစ်တားဆီးပေမယ့်လည်း ဆိုင်ကယ်ကိုရပ်တန့်ခြင်းမရှိကြတာကြောင့် ပစ်ခတ်ခဲ့တာဖြစ်သည်ဟု ဒေသခံတွေဆီကနေသိရပါတယ်။
ထိခိုက်သူလူငယ် နှစ်ဦးကို ပင်းဘောပြည်သူ့ဆေးရုံကနေ မြစ်ကြီးနားဆေးရုံသို့ ပြောင်းရွှေ့ကာ ခွဲစိတ်မှု ပြုလုပ်နေတယ်လို့သိရပါတယ်။