ပါတီစည်းရုံးရေးလုပ်ငန်းများအတွက် လုံခြုံရေးအန္တရာယ်ကြီးမားဟု ရှမ်းနီပါတီများဆို

ဩဂုတ် ၂၂ ၊ မိုးညှင်း 

ကချင်ပြည်နယ်အတွင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသမှာ ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ လုံခြုံရေးတွေဟာ စိုးရိမ်ရတဲ့အနေအထားမှာရှိနေတယ််လို့ ရှမ်းနီနိုင်ငံရေးပါတီတွေကဆိုပါတယ်။

ရွေးကောက်ပွဲကာလအတွင်း  လုံခြုံရေးအတွက်တောင်းခံနိုင်တယ်လို့ စစ်ကော်မရှင်ကပြောဆိုထားပေမယ့် စည်းရုံးရေးလုပ်ငန်းများ ကွင်းဆင်းလုပ််ဆောင်နိုင်ဖို့ လုံခြုံရေးမှာစိုးရိမ်ဖွယ်ရာများတော့ရှိနေတယ်လို့ ရှမ်းနီနိုင်ငံရေးပါတီဝင်များထံမှ သိရပါတယ်။

စည်းရုံးရေးလုပ်ဖို့က သိတဲ့အတိုင်းပဲလုံခြုံရေးပိုင်းကို သူတို့ဘယ်လိုပေးမှာလဲ သူတို့(စစ်ကော်မရှင်)ကတောင်းလို့ရတယ်လို့ပြောတာပဲ ဒါပေမယ့်လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လုံခြုံရေးပိုင်းက အရမ်းအန္တရာယ်များတဲ့အခြေအနေလေ ကျွန်တော်တို့ဘက်ကတော့ ဒါကိုသိုသိုသိပ်သိပ်လျှို့လျှို့ဝှက်ဝှက်နဲ့ ဘယ်လိုလုပ်သွားမလဲဆိုတာကိုပဲ စီစဉ်နေတယ်’ဟု တိုင်းလိုင်ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကျားနီပါတီ(TNDP) ရဲ့ အတွင်းရေးမှူးဖြစ်သူက အခုလိုပြောပြပါတယ်။ 

စစ်ကောင်မရှင်က ရွေးကောက်ပွဲ နှောင့်ယှက်မှုတွေကို ကာကွယ်တားဆီးဖို့ ဥပဒေတစ်ရပ်ထုတ်ပြန်ထားပြီး ထောင်ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်တဲ့ ပုဒ်မတွေပါဝင်ပါတယ်။ 

မှတ်ပုံတင်ခွင့်ပြုချက်ရရှိထားပြီးတဲ့ နိုင်ငံရေးပါတီများ၊ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းများကို စတင်လုပ်ဆောင်လို့ရနေပြီဖြစ်ကြောင်း မနေ့ကသြဂုတ်လ(၂၁)ရက်နေ့မှာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လာပါတယ်။

လာမယ့်စက်တင်ဘာလ(၈)ရက်နေ့မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်းရတော့မှာဖြစ်ပေမယ့် ရှမ်းနီတိုင်းရင်းသား နိုင်ငံရေးပါတီများဖြစ်တဲ့ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွှတ်ရေးပါတီ( SSP)နဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) များအနေဖြင့် စည်းရုံးရေးလုပ်ဆောင်နိုင်ဖို့ စီစဉ်နေဆဲဟု သိရပါတယ်။

အခုလောလောဆယ်က ကျွန်တော်တို့ဘာမှမလုပ်ရသေးဘူး တိတိကျကျစာနဲ့ပို့လာတာမျိုးမရောက်လာသေးဘူး (၂၅)ရက်နေ့ကျရင်အစည်းအဝေးရှိတယ် အေ့အစည်းအဝေးမှာမှပဲတိတိကျကျပိုသိရမှာ’ ဟု ကျားမင်းပါတီ(SSP)ရဲ့ ဥက္ကဌဖြစ်သူက ရှမ်းနီအသံကို ပြောပြပါတယ်။

ရွေးကောက်ပွဲကို အပိုင်းလိုက်ပြုလုပ်သွားဖို့ရှိနေပြီး ရှမ်းနီတိုင်းရင်းသားတွေအများဆုံးနေထိုင်တဲ့ မိုးညှင်းနဲ့ ဟုမ္မလင်းမြို့နယ်တွေဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပြုလုပ်မယ့်  ရွေးကောက်ပွဲစာရင်းထဲမှာ  ပါဝင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *