ဇူလိုင် (၈) ၊နေပြည်တော်
2020 ရွေးကောက်ပွဲကို ဦးစီးကျင်းပခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင် နှစ်ဦးကို စစ်ကောင်စီက ဇူလိုင်လ (၇) ရက်နေ့မှာ ထောင်ဒဏ် (၃) နှစ်စီချမှတ်လိုက်တယ်လို့ စစ်ကောင်စီမီဒီယာတွေက ရေးသားနေကြပါတယ်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်း ၊ အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ဦးသန်းဌေးနဲ့ ဦးမြင့်နိုင် တို့ကို နေပြည်တော် ထောင်တွင်းတရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) နဲ့ ထောင်ဒဏ် (၃) နှစ်စီ ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသာမာမှုကိစ္စမှာ တာဝန်ရှိသူတွေဖြစ်တယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) နဲ့ စစ်ကောင်စီက တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို ပြည်တွင်း ပြည်ပစောင့်ကြည့်လေ့လာသူတွေကတော့ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလို့ ပြောဆိုထုတ်ပြန်ထားကြပေမယ့် စစ်ကောင်စီက မဲမသာမာမှု သန်းနဲ့ချီရှိတယ်ဆိုပြီး စွပ်စွဲထားပါတယ်။
အဲ့ဒီစွပ်စွဲမှုနဲ့ပဲ တိုင်းပြည်အာဏာကို စစ်တပ်က သိမ်းပိုက်ထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလကြေညာထားခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲကော်မရှင်အသစ်ကို စစ်တပ်အရာရှိဟောင်းတွေနဲ့ ပြန်လည်ဖွဲ့စည်းထားပြီး လာမယ့် ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ရွေးကောက်ပွဲအသစ်ကျင်းပဖို့အတွက် ပြင်ဆင်မှုတွေလည်းရှိနေပါတယ်။
စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်၍ ယခင်တာဝန်ယူခဲ့ကြတဲ့ UEC အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ ၂၄၀၀ ကျော် တရားစွဲဆိုခံထားတယ်လို့ ပြောဆိုထုတ်ပြန်ထားပါတယ်။