

မတ် ၁၆ ၊ နေပြည်တော်
ဒီနေ့မတ်လ(၁၆)ရက်နေ့ မနက်ပိုင်းတွင် တတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ စတင်ခေါ်ယူကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဦးခင်ရီကို ရွေးချယ်တင်မြှောက်ခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် ဒုဥက္ကဌကိုတော့ စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက တာဝန်ပေးအပ်ခြင်းခံရတယ်လို့ ဆိုပါတယ်။
ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ပွဲကနေ ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်စုစုပေါင်း (၃၇၃) ဦးရှိထားပြီး ဒီထဲ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွှတ်ရေးပါတီ (ကျားမင်းပါတီ)က ကိုယ်စားလှယ် စိုင်းနိုင်နိုင်ကျော်လည်း တက်ရောက်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်မှာ ၂၀၁၈ ကနေ ဥက္ကဌအဖြစ် ဦးတီခွန်မြတ်က နောက်ဆုံးတာဝန်ယူခဲ့တာဖြစ်ပြီး သူမတိုင်ခင် ဦးဝင်မြင့်နဲ့ သူရဦးရွှေမန်းတို့က တာဝန်ယူခဲ့ကြတာပါ။
ပြည်သူ့လွှတ်တော်အစည်းအဝေး ခေါ်ယူပြီးရင် လာမယ့် မတ်လ(၁၈)ရက်နေ့မှာ အမျိုးသားလွှတ်တော်၊ (၂၀)ရက်နေ့မှာ တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော်တို့ကို ဆက်လက်ခေါ်ယူသွားမှာလည်း ဖြစ်ပါတယ်။
