ဖေဖော်ဝါရီ ၂၆ ၊ ဝမ်ဟိုင်း
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီလိုလားတဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းသွားမယ်လို့ SSPP ဗဟိုကော်မတီအစည်းအဝေးကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဇန်နဝါရီလ ၂၉ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထိ တစ်လနီးပါးကြာ ပြုလုပ်ခဲ့တဲ့ တိုးချဲ့ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးကနေ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့တစ်ခုတည်းသော နည်းလမ်းက တန်းတူရေးနဲ့ ကိုယ်ပိုင်ဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီကို ဘုံနိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်အဖြစ် သံဓိဌာန်ချမှ ပြည်ထောင်စုခရီး ရှေ့ဆက်နိုင်မယ်လို့ ဆိုပါတယ်။
တစ်လတာဆွေးနွေးမှုအတွင်းမှာ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေး နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေဆက်လုပ်သွားမယ့် အကြောင်းအရင်းတွေပါဝင်ပါတယ်။
ရှမ်းပြည်တွင်းက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသည့်အရေးကိစ္စ ထည့်သွင်းထုတ်ပြန်ထားတာမတွေ့ရပါဘူး။
SSPP/SSA ရဲ့ ဆွေးနွေးပွဲကို ဗိုလ်ချုပ်ကြီး ဆေထင်က ဦးဆောင်းပြီး ဗဟိုကော်မတီဝင် ၂၄ ဦး ၊ အရံဗဟိုကော်မတီဝင် (၃) ဦး နဲ့ ဗဟိုရုံးအဖွဲ့ဝင် ၁၀ ဦးတို့ တက်ရောက်ခဲ့ပါတယ်။