ဖက်ဒရယ်ရှမ်းပြည်ထူထောင်ရေး၊ရှမ်းလူငယ်များချိတ်ဆက်နိုင်ကြမယ့်ပလပ်ဖောင်းဖြစ်လာရေး  “တိုင်း”လူငယ်ထုညီလာခံအကြောင်း

ပြောရေးဆိုခွင့်ရှိသူစိုင်းလောဝ်ဆိုင်ခေးနှင့်ဆက်သွယ်မေးမြန်းခြင်း 

“တိုင်း”လူငယ်ထု ညီလာခံ ကျင်းပသည့်မြင်ကွင်း

မေး။ တိုင်းလူထုညီလာခံကလုပ်တဲ့ရယ်ရွယ်ချက်ကိုပြောပြပေးပါအုံးခင်ဗျာ့။  

ဖြေ။ ။ ရယ်ရွယ်ချက်ကတော့ မတူညီကွဲပြားတဲ့နေရာဒေသအသီးသီးက ရှမ်းလူငယ်တွေ  ရှမ်းလူမှုအဖွဲ့အစည်းတွေ ယုံကြည်မှုနဲ့ချိတ်ဆက်မှုပိုမိုအားကောင်းလာအောင်  ၊ရှမ်းအမျိုးသားနိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ ဖြစ်ပေါ်နေတဲ့အကြပ်အတည်းတွေကို အဖြေရှာတဲ့အခါမှာ  လူငယ်ထုရဲ့အသံ လူငယ်တွေရဲ့ပူးပေါင်းပါဝင်မှုတွေကို အားကောင်းလာစေဖို့၊ နောက်ရှေ့ဆက်လာမယ့် ကဏ္ဍအလိုက်မှာဆိုရင် လူငယ်တွေအတူတကွချိတ်ဆက်ပြီး လုပ်ဆောင်နိုင်တဲ့လမ်းကြောင်းတွေ နည်းဗျူဟာမဟာဗျူဟာတွေ ထွက်ပေါ်လာနိုင်ဖို့တွေကို ရယ်ရွယ်ပြီးတော့ ညီလာခံကို ကျင်းပခဲ့တာဖြစ်ပါတယ်ဗျ။

မေး   ရှမ်းလူငယ်တွေချိတ်ဆက်ဖို့ပလက်ဖောင်းကဘယ်လိုပုံစံလဲဘယ်လိုလုပ်ဆောင်သွားမှာလဲ။

ဖြေ။ ။   ဒီလုပ်ငန်းကော်မတီကတော့ ညီလာခံကနေ ဖွဲ့စည်းလိုက်တဲ့လုပ်ငန်းကော်မတီဖြစ်တယ်ပေါ့နော် ရှေ့ဆက်လုပ်ဆောင်မယ့်အလုပ်တွေကတော့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊  ဖက်ဒရယ်သျှမ်းပြည်ပြန်လည်ထူထောင်ရေး၊ သျှမ်းတစ်မျိုးသားလုံးသွေးစည်းညီညွှတ်ရေး၊  သျှမ်းတစ်မျိုးသားလုံးကို လွှမ်းခြုံနိုင်တဲ့ ပညာရေးစနစ်တစ်ခုပေါ်ပေါက်ရေး၊  နောက်ပြီးလူအခွင့်အရေးနှင့်သဘာဝအရင်းအမြစ်၊ ဒေသခံပြည်သူများအကျိုးစီးပွားကို ကာကွယ်ရေးပေါ့ ဒီ(၆)ချက်ကို ကျွန်တော်တို့ဘယ်လိုဆက်လက်အကောင်အထည်ဖော်ဖို့ လုပ်ငန်းကော်မတီကို ဖွဲ့စည်းရတာဖြစ်တယ်။ ဒီအဖွဲ့အစည်းက ကျန်နေတဲ့အဖွဲ့တွေနဲ့ဆက်လက်ချိတ်ဆက်ဖို့ စိတ်ဝင်စားတဲ့အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ဒါတွေကို ဆက်လုပ်သွားမှာပါ။ 

မေး။ ဒီအဖွဲ့ထဲမှာကောဘယ်လိုအဖွဲ့တွေတက်ရောက်ခဲ့ကြသလဲ။

ဖြေ။ ။ အဖွဲ့တွေကတော့ နေရာဒေသအသီးသီး မြန်မာနိုင်ငံပြည်တွင်းက အဖွဲ့တွေကော ပြည်ပကအဖွဲ့တွေကော အဖွဲ့(၂၀)ပါဝင်ပါတယ်။ 

မေး။ ဖက်ဒရယ်သျှမ်းပြည်ထူထောင်ရေးဆိုတာကဘယ်လိုမျိုးကိုပြောချင်တာလဲခင်ဗျာ။ 

ဖြေ။ ။ အဓိကကတော့ အနှစ်သာရနဲ့ပြည့်စုံတဲ့ ဖက်ဒရယ်စနစ်တစ်ခုကိုသွားချင်တာပေါ့နော်  မြန်မာ့နိုင်ငံရေးအကြပ်အတည်းကိုကြည့်မယ်ဆိုရင် ဖက်ဒရယ်စနစ်ကပဲ ဒီနိုင်ငံရေးပြဿနာကို အဖြေရှာပေးနိုင်မှာပေါ့နော်  အခုတိုက်ပွဲဖြစ်နေတဲ့ နေရာဒေသတွေကို ကြည့်လိုက်တဲ့အခါမှာလည်း တိုက်ပွဲဖြစ်နေတဲ့အဖွဲ့အစည်းတွေအားလုံးက ဒီဖက်ဒရယ်အရေးကို လက်ခံတယ် ဖက်ဒရယ်ရဖို့ရာအတွက် ကြိုးစားပြီးတော့ တိုက်ပွဲဝင်နေတာကို တွေ့ရတယ် အားလုံးလိုချင်တဲ့ဖက်ဒရယ်ပေါ့ အရင်တုန်းကဆိုရင် ဖက်ဒရယ်ဆိုတာကို ပြောခွင့်တောင်မရှိခဲ့ဘူး  အခုတော့ပြောခွင့်ရပြီ ဒါပေမယ့် အနှစ်သာရနဲ့ပြည့်စုံတဲ့ဖက်ဒရယ်တစ်ခုကိုရဖို့ဆိုရင် ကျွန်တော်တို့ဆက်ပြီးကြိုးစားရဦးမှာပေါ့လေ။

မေး။ ဒါဆိုရင်ဖက်ဒရယ်ရှမ်းပြည်ဆိုတာကလည်းအေ့လိုထဲကတစ်ခုလို့လည်းပြောလို့ရတာပေါ့လေ။ 

ဖြေ ။ ။ ဟုတ်ပြောလို့ရပါတယ်  ပြည်ထောင်စုမြန်မာနိုင်ငံထဲမှာရှိတဲ့  ဖက်ဒရယ်ပြည်နယ်လေးတစ်ခုပေါ့နော်  ဒါပေမယ့်ကျွန်တော်တို့ရှမ်းပြည်ကတော့ ရှမ်းတစ်မျိုးတည်းနေထိုင်နေတာမဟုတ်ဘူး ရှမ်းမဟုတ်တဲ့တစ်ခြားလူမျိုးစုတွေလည်းအများကြီးရှိတယ် ဒါတွေကိုလည်း ဖက်ဒရယ်အဖြစ်နဲ့သွားမယ် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်မယ်ဆိုတဲ့ ဒီဖက်ဒရယ်စနစ်ထဲမှာပါသော အနှစ်သာရနဲ့ပြည့်စုံသောစနစ်တစ်ခုနဲ့သွားမယ်လို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ကြတယ်။  ဘယ်လိုပုံစံဖက်ဒရယ်ဆိုတာတော့ ကျွန်တော်တို့ကြားမှာ  ပြန်ပြီးတွေ့ဆုံဆွေးနွေးရမယ်၊ညှိနိူင်းရမယ် ဘာလို့ဆို ဖက်ဒရယ်စနစ်ဆိုတာက တစ်နေရာနဲ့တစ်နေရာ နေရာဒေသအပေါ်မူတည်ပြီး ကွဲပြားမှုတွေရှိတယ်ပေ့ါနော် ဆိုတော့ရှမ်းပြည်နဲ့ဘယ်လိုဖက်ဒရယ်စနစ်ကကိုက်သလဲဆိုတာကို ရှမ်းပြည်ထဲမှာနေထိုင်တဲ့ လူမျိုးစုတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးမှသာလျှင် ဘယ်လိုစနစ်ကအကောင်းဆုံးလဲဆိုတာကို ကျွန်တော်တို့အဖြေရှာရမှာဖြစ်တယ်။ 

မေး။ နောက်ရောဒီလိုမျိုးညီလာခံကို  ဘယ်အချိန်မှာဘယ်လိုကျင်းပမယ်ဆိုတဲ့ပုံစံမျိုးကောပြင်ဆင်ထားတာ၊ဆွေးနွေးထားကြတာမျိုးရောရှိပါသလားခင်ဗျ။

ဖြေ။ ။ အဲဒီလိုသတ်မှတ်ထားချက်တော့မရှိသေးဘူး ဒါပေမယ့် ပါဝင်နေတဲ့အဖွဲ့အစည်းကိုယ်စားလှယ်တွဆီမှာတော့ နောက်ထပ်ညီလာခံတစ်ခုထပ်ကျင်းပမယ်ဆိုတာကို စီစဉ်ထားပါတယ် ဘယ်တော့ကျင်းပမလဲဆိုတာကိုတော့ လုပ်ငန်းကော်မတီမှာ တိတိကျကျပြန်ပြီးတော့ မဆွေးနွေးရသေးပါဘူး။

မေး။ ညီလာခံနဲ့ပတ်သက်ပြီးဖြည့်စွက်ပြောချင်တာဘာများရှိသေးလဲခင်ဗျာ့။ 

ဖြေ။ ။ ရှမ်းအမျိုးသားနိုင်ငံရေးမှာ ရှမ်းလူငယ်တွေရဲ့အသံ ရှမ်းလူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှု အားကောင်းဖို့ ကျွန်တော်တို့လူငယ်တွေဘက်ကလည်း ကြိုးစားနေပါတယ်  ဒါကြောင့်မို့ လူကြီးတွေဘက်ကလည်း လူငယ်တွေကိုတွဲခေါ်ပေးပါ၊ ပံ့ပိုးပေးပါပေါ့နော် လူငယ်တွေရဲ့အသံကို နားထောင်ပေးပါပေါ့နော်  လူငယ်တွေကိုပါဝင်ခွင့်ပေးပါလို့ လူကြီးတွေကိုကျွန်တော်တို့က တိုက်တွန်းချင်ပါတယ်။

ဖြေ။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *