ဖားကန့်တွင် Covid19 ရောဂါပိုးကူးစက်လူနာ (၄) ဦးထပ်တိုး

ဖားကန့်မြို့နယ်တွင် ကနဦးတွေ့ရှိခဲ့သော လူနာအမှတ် (၁၇၁၂) နှင့် အနီးကပ်ထိတွေ့သူ (၄) ဦးတွင် ရောဂါပိုးတွေရှိ ခဲ့ကြောင်း  ဖားကန့်မြို့နယ်ဆရာဝန် ဒေါက်တာမင်းလွင်က ရှမ်းနီအသံဂျာနယ်ကို ပြောသည်။ 

ယနေ့နေ့လည်ပိုင်း Covid19 ရောဂါစောင့်ကြည့်မှုနှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် ကချင်ပြည်နယ် ဖားကန့်မြို့မှ အတည်ပြုလူနာ (၄) ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

“လက်ရှိ ကျန်းမာရေးတော့ကောင်းတယ် လေးယောက်လုံး ကောင်းတယ် အရင်က တွေ့ရှိထားတဲ့ တစ်ယောက် လည်းကောင်းတယ်။ ဘာလက္ခဏာမှ မပြပါဘူး သူတို့ကို ကွာလ်ဒင်းထားရင်းနဲ့ တွေ့တာပါ။” ဖားကန့်မြို့နယ် ဆရာဝန် ဒေါက်တာမင်းလွင်ကပြောသည်။

ဖားကန့်မြို့နယ်တွင် Covid-19 ပိုးတွေ့လူနာ စုစုပေါင်း (၅)ဦးရှိပြီဖြစ်ပြီး  သီတကူ စက္ခုဒါနဆေးရုံတွင် စောင့်ကြည့် ကုသနေလျက်ရှိကြောင်း ၎င်းကဆက်ပြောသည်။

“ဒီလေးယောက်ကို အခြေတည်ပြီးတော့မှ သူတို့နဲ့ ဘယ်သူတွေ တွေ့ခဲ့သလဲ ပြီးကျရင် သူတို့မိသားစုပေါ့ နံပါတ်(၁) က နောက်သူတို့ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ ဘယ်သူနဲ့တွေ့ထားလည်း မေးပြီးတော့ စာရင်းလိုက်ယူပါ တယ်။” ဒေါက်တာမင်းလွင်က ဆက်ပြောသည်။

မြို့နယ် covid ကော်မတီ ဥက္ကဌ၊ ကျန်းမာရေးဌာန၊ NGO၊ CSO အဖွဲ့များနှင့် ပေါ်လံဒီယာ အသင်းများနှင့်ချိတ်ဆက်ပြီး မြို့အဝင်လမ်းများစစ်ဆေးပြီး တစ်ခြား တိုင်းဒေသနှင့် ပြည်နယ်မှာ ရောက်ရှိလာသူ များကို စစ်ဆေးကာ အသွားအလာကန့်သတ် စောင့်ကြည့်မှုများ ပြုလုပ်နေလျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် Covid19 ကူးစက်လူနာ ၃၈၉၅ ဦးရှိနေပြီဖြစ်ပြီး  (၅၇) ဦးသေဆုံးခဲ့ပြီဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *