ဇွန်၂၂၊ဖားကန့်
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ၊ရပ်ကွက်(၃)ရှိ KIA တိုက်နယ်ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀ရက်နေ့ ညနေပိုင်းအချိန်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သောကြောင့် (၃)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“တိုက်နယ်ရုံးကတော့ နဂိုကတည်းကသူက အင်အားနည်းတယ် သူက လူမှုဆက်ဆံရေးနဲ့အလုပ်လုပ်ရတဲ့ ရုံးဖြစ်တဲ့အခါကျတော့ လူအင်အားကနည်းတယ် ပြီးရင် နောက်တစ်ခုက ပစ်မိန့်မရဘူးပြောတယ် ပြန်ပစ်ခွင့်မရှိဘူးလို့ပြောတော့ ပြန်မပစ်ကြတာပေါ့ တစ်ဖတ်သတ်ကြီးဟိုဝင်စီးသွားတဲ့ သဘောပေါ့” ဟု ဒေသခံတစ်ဦးက ပြောပြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက ရုံးကိုဝင်စီးကာ မီးရိူ့ဖျက်ဆီးမှုများ ပြုလုပ်သွားပြီး KIAတပ်ဖွဲ့ဝင်များကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။
ဒါ့အပြင် ရုံးအတွင်းရှိ KIAဘက်မှ ဖမ်းဆီးထိန်းသိမ်းထားသူများကိုလည်း ပြန်လည်ခေါ်ဆောင်သွားကြတယ်လို့ ဆိပ်မူဒေသခံများက ဆိုကြပါတယ်။
KIAတိုက်နယ်ရုံးအနီး နေအိမ်ရှိ ပြည်သူများကို ဝင်ရောက်စစ်ဆေးမေးမြန်းတာတွေလည်း ပြုလုပ်သွားတယ်လို့ ရုံးအနီးနေထိုင်သူများထံမှ သိရပါတယ်။
“အရင်တုန်းကတော့ တအားလဲမဖြစ်တော့ လျစ်လျူရူထားတဲ့သဘောလည်းရှိမှာပေါ့လေ အခုချိန်က နည်းနည်းလေး တိုက်တာခိုက်တာတွေများလာတဲ့အခါကျတော့ စစ်တပ်ကုန်းမှာလည်းဘယ်သူက ဦးအောင်ပစ်သလဲမသိဘူး အေ့ညမှာပဲစစ်တပ်ကုန်းကိုသွားပစ်တယ်လို့ကြားတာပဲ အေ့ကနေပြီးတော့ စဖြစ်တဲ့သဘောပဲ’ဟု ဆိပ်မူကျေးရွာနေ ပြည်သူတစ်ဦးက ပြောပါတယ်။
ဒဏ်ရာရရှိထားသူများကို ပရဟိတလူမှုကူညီရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကယ်ဆယ်မှုများပြုလုပ်ခဲ့ပြီး ဖားကန့်မြို့ ဆေးရုံသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
လွန်ခဲ့သည့် မတ်လ၁၁ရက်နေ့တွင်လည်း ဖားကန့်မြို့ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးတွင် အစည်းအဝေးပြုလုပ်နေချိန် စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးမှုများပြုလုပ်ခဲ့ပါတယ်။