ဖားကန့်မြို့နယ်ထဲအတွင်းမှာ တစ်ရက်လျှင်  ရေမဆေးသမား (၅၀) ဝန်းကျင် စုဆောင်းရေးဆွဲခံနေရ 

မတ် (၉ ) ၊​ဖားကန့် 

ဖားကန့်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF ပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှားရာ မှော်ကျေးရွာတွေမှာ  တစ်ရက်ကို ပျမ်းမျှ ရေမဆေးကျောက်ရှာဖွေသူ (၅၀)ဦးခန့် စုဆောင်းရေးဆွဲခေါ်ခြင်းများခံနေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

“ရေမဆေးရှာတဲ့သူတွေအတော်တော်များများအဆွဲခံရတယ်  နေ့တိုင်းညတိုင်းဆွဲတယ်  မြို့၊ရွာတွေနဲ့ ဝေးတဲ့ ကျောက်ရှာတဲ့မှော်တွေမှာအများဆုံးဆွဲတာ ဆိပ်မူ တစ်ဝိုက်ဆိုလည်း စုဆောင်းရေး အကြီးအကျယ်ဆွဲနေတယ်  တစ်ညတစ်ည (၅၀)ကျော် (၆၀)ကျော်လောက်ပါနေတာ” ဟု ရေမဆေးသမားတစ်ဦးက ပြောပြပါတယ်။

များသောအားဖြင့် လုံးခင်းကျေးရွာအုပ်စုရှိ မှော်စီစာ၊ကုဋေမှော်၊ ဆန်ခါစတဲ့ မှော်ကျေးရွာတွေနဲ့  ဆိပ်မူကျေးရွာအုပ်စုရှိ မမုံ၊ ဆွတ်အောင်  တို့မှာ နေ့စဉ်  စစ်သားသစ်စုဆောင်းခြင်းများ ခံနေကြရတာဖြစ်ကြောင်း သိရပါတယ်။

မတ်လ (၃)ရက်နေ့ကနေ မနေ့ကအထိ ဖားကန့်မြို့၊မရှီကထောင်ရပ်ကွက်နောက်ကျောရှိ ဆုတောင်းကုန်းမှာ တိုက်ပွဲပြင်းထန်ခဲ့စဉ်အတောအတွင်းမှာလည်း စုဆောင်းရေးအများအပြားဆွဲခေါ်ခြင်းတွေ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။

တိုက်ပွဲက ဒီနေ့မှာ နှစ်ဖက်ပစ်ခတ်မှုများ ငြိမ်သက်သွားပြီဖြစ်ပေမယ့်   စုဆောင်းရေးပြုလုပ်ခြင်းတွေတော့ ရှိနေဆဲဖြစ်ပြီး  အရင်ကလို ငွေကြေးဖြင့်ပြန်လည်ရွေးထုတ်ခြင်းများကို လက်ခံခြင်းမရှိတော့ဘူးလို့လည်း သိရပါတယ်။

 ဒီလိုလာရောက်ခြိမ်းခြောက်ခေါ်ဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့များကို  ပြီးခဲ့တဲ့လကနေစပြီး  ရေမဆေးသမားများပြန်လည်ခုခံမှုတွေ ပြုလုပ်တဲ့ဖြစ်စဉ်များလည်း  နှစ်ကြိမ်ထက်မနည်းရှိလာနေကြောင်း  သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *