
ဖေဖော်ဝါရီ ၂၄ ၊ ဖားကန့်
ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာတွင် မဇွပ်ယန်အကျဉ်းထောင်စခန်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကျေးရွာနေဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်၈နာရီခွဲမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အကျဉ်းထောင်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေပြုလုပ်ခဲ့ခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်တစ်ခုအတွင်းကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကာ အမျိုးသမီးတစ်ဦး ထိခိုက်ပြီး အခြေအနေ စိုးရိမ်ရကြောင်းလည်း ဆိုကြပါတယ်။
“ ပစ်တာမဇွပ်ယန်အကျည်းထောင်စခန်းကနေပစ်တာ အမျိုးသမီးတစ်ယောက်ထိတယ် ဖားကန့်ဆေးရုံကိုသယ်သွားတယ်ပြောတယ် သေလားရှင်လားတော့မသိသေးဘူး အိမ်ထဲမှာပဲနေထားတာ အိမ်ကိုလာကျတာ လက်နက်ကြီးက တိုက်ပွဲတော့မဟုတ်ပါဘူး ဒီအတိုင်းပစ်တာ’ ဟု ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ထိမှန်သူဒေသခံအမျိုးသမီးမှာ ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ပရဟိတလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
ဒီဇင်ဘာလ ၂၃ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဆန်ခါကျေးရွာနှစ်ခြင်းဘုရားကျောင်းဝင်းနှင့် မဇွပ်ယန်ကျေးရွာစာသင်ကျောင်းထဲကို လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံများ ထိခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။