ဖေဖော်ဝါရီ ၇ ၊ ရ
ဖားကန့်မြို့နယ်အတွင်းရှိ နန့်တိန်းကျေးရွာအနီးတစ်ဝိုက်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့မှုတွေကြောင့် လျှပ်စစ်မီးတိုင်များနှင့် လျှပ်စစ်မီးကြိုးများ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ကာ ဓာတ်အားလိုင်းများပြတ်တောက်မှုဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၄ ရက််နေ့မှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားမှုအပြီးကနေ စတင်ကာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့တာ ၄ရက်တာရှိခဲ့ပြီဖြစ်ပြီး တစ်လကျော်ထိ ကြာမြင့်နိုင်တယ်လို့ ဖားကန့်လျှပ်စစ်ဌာနမှ သိရှိရပါတယ်။
“ သူကဘယ်လိုဖြစ်လဲဆိုတော့ အခုကသွားပြင်လို့မရဘူး ဟိုဘက်ကရောဒီဘက်ကရော လုံခြုံရေးမပေးဘူး ပြီးရင်မိုင်းတွေကလည်း ထောင်ထားတယ် PDFတွေဘက်ကလည်း နန့်တိန်းကိုပြန်ပြီး ထိုးစစ်ဆင်မယ့်သဘောရှိတယ် အခုလိုပုံစံအတိုင်းဆိုရင်တော့ တစ်လကျော်လောက်ကြာသွားမှာ’ ဟု ဖားကန့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။
ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့တဲ့ လျှပ်စစ်မီးကြိုးနှင့် လျှပ်စစ်မီးတိုင်များကို စစ်ကောင်စီဘက်မှ ပြင်ဆင်ခွင့်ပြုမိန့်ပေးခဲ့လျှင်ပင် လျှပ်စစ်မီးပြန်လည်ရရှိရန်ရက်သတ္တပတ်ကျော်ကြာမြင့်နိုင်သေးကြောင်း ၎င်းက ဆိုပါတယ်။
“ ပြင်ခွင့်ပေးခဲ့ရင်တောင် ကရိန်းတွေဘာတွေဝင်ခွင့်မရတာကြောင့် ကျိုးတဲ့တိုင်တွေပျက်စီးတဲ့တိုင်တွေ လဲဖို့ လူအင်အား၃၀လောက်နဲ့ သယ်ရပြုရမရဆွဲရနဲ့ တောထဲမှာတိုင်တွေယူရမှာဆိုတော့ အစိုးရဘက်က အကုန်လုံးခွင့်ပြုမယ်ဆိုရင်တောင် တစ်ပတ်အထက်ကြာနိုင်တယ်”
ယခုရက်ပိုင်းတွေမှာလည်း ဖားကန့်မြို့ စစ်ကောင်စီဗျူဟာကုန်းမှ နန့်တိန်းကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် မကြာခနပစ်ခတ်မှုများရှိနေသေးတယ်လို့ ဒေသခံများထံမှ သိရပါတယ်။