ဇန်နဝါရီ ၂၃ ၊ ဖားကန့်
ဖားကန့်မြို့နယ် ယူမာကျေးရွာ အဲဗာတာဝါတိုင်ကုန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA/PDF ပူးပေါင်းတပ်တို့က ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၅ နာရီဝန်းကျင်အချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
၃၀ မိနစ်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ယူမာအဲဗားကုမ္ပဏီရုံးချုပ်ဝင်းထဲကျရောက်ပေါက်ကွဲခဲ့ရာ မီးဖိုချောင်အနည်းငယ်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ တိုက်ပွဲမဟုတ်ဘူးလို့လည်းပြောတယ်။ ပစ်တာကတော့ နေ့တိုင်းလိုလိုပစ်နေတာ။ အတည်တောင်ယူလို့မရတော့ဘူးဖြစ်နေတာပေါ့လေ “ လို့ ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကုမ္ပဏီဝင်းအတွင်းကနေပြီး ညတိုင်းလက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ ပစ်ဖေါက်မှုတွေရှိနေတယ်လို့လည်း သူကဆိုပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေကာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်တွေဟာလည်း ဘာသာရေးကျောင်းများ၊ လူနေအိမ်များပေါ် ကျရောက်ပေါက်ကွဲမှုတွေလည်း ဖြစ်ပွားနေပါတယ်။