
ဖားကန့်မြို့နယ်အတွင်း ခြိမ်းခြောက်ငွေတောင်းခံမှုများ မကြာခနဖြစ်ပွားနေတာဖြစ်ပြီး ဒီလိုပြုလုပ်နေသူ ၊ အဖွဲ့အစည်းကို ဖမ်းဆီးထားနိုင်ပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေဆဲဟု ဒေသခံများထံမှ သိရပါတယ်။
၎င်းအဖွဲ့အစည်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ည (၁၀)နာရီဝန်းကျင်အချိန်မှာ ဆိပ်မူကျေးရွာရှိ ရှင်းရင်ဟော်တယ်တွင် KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ သူတို့ကပိုက်ဆံတွေဘာတွေဓားပြတိုက်ပြီးရင် ရှင်းရင်ဟော်တယ်မှာတည်းတာလေ အေ့မှာပဲနေတာ အဲ့ဒီနေ့က ခေါင်းဆောင်ရဲ့မွေးနေ့လားမသိဘူး အာ့မှာKTVထဲမှာ အကုန်ဖမ်းခံလိုက်ရပြီ အယောက်၂၀ကျော်တယ်ဆိုပဲ” ဟု ဆိပ်မူကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
ဒေသခံများရဲ့ ပြောပြချက်တွေအရ အဆိုပါအဖွဲ့အစည်းတွင် လူငယ်များ အများဆုံးပါဝင်နေကာ ဖားကန့်မြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ခြိမ်းခြောက်ဓားပြမှုများကို ၎င်းတို့ကျူးလွန်ခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်ဟု သိရပါတယ်။
ဓားပြအဖွဲ့အစည်းကို ဦးဆောင်နေသူက တရုတ်လူမျိုးတစ်ဦးဖြစ်တယ်လို့လည်း ပြောဆိုမှုတွေရှိနေကာ တိတိကျကျပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။
ပြီးခဲ့တဲ့အောက်တိုဘာလမှာ မိုးရတနာရွှေဆိုင် နှင့် ဂျာနူး ငွေလွဲငွေထုတ် ဆိုင် နှစ်ခု ဓားပြတိုက်ခံရပြီး ငွေသိန်း ထောင်ချီနှင့် ရွှေပိသာချိန် ပါသွားတယ်လို့ လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်း ယခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ခြိမ်းခြောက်ဓားပြတိုက်ခံရမှုတွေက ဆယ်ခုထက်မနည်း ရှိခဲ့တာလည်း ဖြစ်ပါတယ်။