ဇွန်၆၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းအချိန်မှာ လောပန်းတစ်ဦးအိမ်ကို လက်နက်ကိုင်လူငယ်တစ်စုက ခြိမ်းခြောက်ဓားပြတိုက်သွားမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရပါတယ်။
ဓားပြတိုက်ခံရမှုကြောင့် အိမ်စီးကား ၊ လက်ကိုင်ဖုန်းနှင့်ငွေများ ပါသွားတယ်လို့သိရပြီး အိမ်ရှင်ဖြစ်သူကို တိုက်ခိုက်မှု တစ်စုံတစ်ရာမပြုသွားကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများက ပြောဆိုနေကြပါတယ်။
“ ဟုတ်တယ်အဲ့ဒါ လောပန်းတော့လောပန်းအိမ်ပဲ နာမည်တော့မသိဘူး ဓားပြဝင်တိုက်သွားတယ် ကားတွေ ဖုန်းတွေ ငွေတို့ ပါသွားတယ်ဆိုတာတော့သိလိုက်တယ်။ ဒီမှာက နောက်ကျောမလုံတော့ဘူး လောလောဆယ်ပြောချင်တာက ပြည်သူတွေက ဘယ်သူမှ နောက်ကျောမလုံဘူး နေရထိုင်ရတာ အဆင်မပြေတော့ဘူး” ဟု လုံးခင်းကျေးရွာသားတစ်ဦးက ဆိုပါတယ်။
ဖားကန့်မြို့နယ်မှာ ယခုလို ခြိမ်းခြောက်လုယက်မှုတွေက နေရာတိုင်းလိုလို ဖြစ်ပွားနေတာကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ကြောင့်ကျမှုတွေ မလုံခြုံမှုတွေ ခံစားနေကြရတာလည်း ဖြစ်ပါတယ်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှာ ပြီးခဲ့တဲ့ မေလ (၂၉) ရက်မှာ တရုတ်လောပန်းတစ်ဦးအိမ် လုယက်ခံရပြီး ရွှေနှင့်ငွေသားများပါရှိသွားပြီး သလို နောက်တစ်ရက် မေလ (၃၀) ရက်နေ့မှာလည်း ဆိပ်မူကျေးရွာ တည်းခိုခန်းပိုင်ရှင် အမျိုးသမီးတစ်ဦး လုယက်ဓားထိုးခံရမှုများဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။