ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနဲ့ မှော်စီဇာကျေးရွာအနီးမှာ KIA နဲ့ စစ်ကောင်စီတပ်တို့ ပစ်ခတ်တိုက်ခိုက်နေ 

ဇွန် ၁၇ ၊ ဖားကန့် 

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနဲ့ မှော်စီဇာကျေးရွာအနီးမှာ KIA+PDF  ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ဒီနေ့ မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

လုံးခင်းနားကဘုရားကုန်းဘက်မှာ တိုက်ပွဲအနည်းငယ်ဖြစ်နေတယ်။ အဲ့နောက်မှာ မှော်ဆီဇာဘုန်းကြီးကျောင်းနားပြန်ဖြစ်တယ်။ တောင်ကုန်းပေါ်ကနေရော စက်သေနတ်တွေနဲ့ ပစ်နေတယ်” လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ 

တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ  မိုးရွာသွန်းနေပြီး စက်သေနတ်ပစ်ခတ်သံတွေအပြင် လက်နက်ကြီးပစ်ခတ်ပေါက်ကွဲသံတွေပါ ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

မိုးလင်းပိုင်းကစလို့ တိုက်ပွဲတွေဟာ နေ့လည်ပိုင်းအချိန်ထိ ပစ်ခတ်မှုတွေရှိနေဆဲဖြစ်ပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ လုံးခင်း ၊မှော်စီဇာ နဲ့ ဖားကန့်တဝိုက်မှာ တပ်ဖြန့်နေရာယူပြီး KIA+PDF တို့နဲ့မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှာ မှော်စီဇာကျေးရွာအနီးက သက်တမ်းကုန်တဲ့ ကျောင်းစိမ်းလုပ်ကွက်ဟောင်းတွေမှာ ကျောင်းစိမ်းတူးဖော်နေတဲ့ စက်ယန္တရား တစ်ရာကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် အကြောင်းပြချက်အမျိုးမျိုးနဲ့  အသိုလှောင်သိမ်းဆည်းထားတဲ့ ယမ်းဂိုဒေါင်တွေကိုလည်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *