ဖားကန့်မြို့နဲ့ဆိပ်မူကျေးရွာကနေ စစ်ဘေးတိမ်းရှောင်ထွက်ခွာသူတွေများပြားလာ 

စက်တင်ဘာ ၂၅ ၊​ ဖားကန့် 

ကချင်ပြည်နယ်၊ဖားကန့်မြို့နဲ့ ဆိပ်မူကျေးရွာတွေကနေ မြို့ကြီးတွေဘက်ကို ဒီရက်ပိုင်းတွေမှာ စစ်ဘေးတိမ်းရှောင်ထွက်ခွာလာသူတွေ များပြားလာတယ်လို့ ဒေသခံများက ပြောဆိုနေကြပါတယ်။

ခုထိစစ်ရေးက အတိအကျပြောဖို့ခက်တယ် ဖားကန့်ကတော့စစ်ရေးပြင်လာကြလို့ရှောင်တယ်၊ ဆိပ်မူက ဟိုတယ်တိုက်ပွဲ ပြင်းထန်နေလို့ရှောင်တယ် လုံးခင်းဘက်ကိုလည်း ရှောင်လာကြတာရှိတယ် ရှောင်ကြဖို့စာနဲ့သတိပေးတာမျိုးမရှိပါဘူး သတင်းစကားပဲ’  ဟု ရှောင်တိမ်းကြရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး လုံးခင်းဒေသခံတစ်ဦးက အခုလိုပြောပြတာပါ။

များသောအားဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့ကြီးတွေဖြစ်တဲ့ မြစ်ကြီးနား၊မန္တလေးဘက်ကို တိမ်းရှောင်လာကြတာဖြစ်ပြီး မိုးညှင်းမြို့ကိုလည်း ခိုလှုံရှောင်တိမ်းနေသူတွေရှိနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၀ ရက်ကျော်ကတည်းက စပြီး ဖားကန့်မြို့နေလူထုတွေ တိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။ 

ဖားကန့်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များဖြစ်တဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ပွဲဖော်ဆောင်မှာဖြစ်တာကြောင့် အမြန်ဆုံးရှောင်ရှားကြဖို့ ဖားကန့်ဒေသခံတွေကြားမှာ ပြောဆိုမှုတွေရှိနေလို့ အခုလိုရှောင်ပြေးနေကြတာဖြစ်ကြောင်း ဆိုပါတယ်။ 

စစ်တပ်ကိုတစ်နေရာမှမရှိခိုင်းတော့ဘူး စစ်တပ်ကိုအကုန်ဖြိုမယ်ဆိုပြီးပြောတာတဲ့ အေ့လိုပြောပြီး ရွာသားတွေကို အကုန်ရွှေ့ခိုင်းတာတဲ့  ဒါကြောင့်မို့ရွှေ့ကြတာလေလူတွေက သူတို့(KPDF)ကလုပ်မယ်ဘာညာပေါ့လေ” ဟု ဖားကန့်မြို့ပေါ်နေထိုင်သူတစ်ဦးက ဆိုပါတယ်။

 တစ်ရက်ထက်တစ်ရက် တိမ်းရှောင်သူတိုးများလာတာကြောင့်  မြစ်ကြီးနားမြို့ပေါ်ရှိ တည်းခိုခန်းများ၊ဟိုတယ်များ၊ ငှားရမ်းနိုင်သောအိမ်များလို အားလုံးနီးပါးဟာ အခန်းလွတ်မရှိတော့ဘဲပြည့်နေပြီး မြို့တွင်းမှာလည်း လူဦးရေများပြားထူထပ်နေတယ်လို့  မြစ်ကြီးနားဒေသခံတွေက ပြောဆိုနေကြပါတယ်။

သို့သော် အခုလိုတိမ်းရှောင်သူတွေဟာ အမျိုးသမီးနဲ့ကလေးငယ် ၊သက်ကြီးရွယ်အိုများသာအများဆုံးဖြစ်ပြီး လူငယ်လူရွယ်အမျိုးသားများကတော့ လမ်းပိုင်းစစ်သားစုဆောင်းခေါ်ဆောင်မှုတွေကြောင့်  တိမ်းရှောင်ခြင်းနည်းပါးတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *