
အောက်တိုဘာ ၂၅ ၊ ဖားကန့်
ဖားကန့်မြို့ ၊မှော်ဝမ်းရပ်ကွက်အတွင်းရှိ အခွန်ဦးစီးဌာနက မြို့နယ်ဒုဦးစီးမှူး ဦးစိုးလင်းထက် နှင့် လက်ထောက် ဦးစီးမှူး ဦးမျိုးသန့်ဟိန်းကျော် တို့နှစ်ဦး ဖမ်းဆီးခံရပြီး နှစ်ပတ်အကြာမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ နီးစပ်သူများထံမှ သိရပါတယ်။
၎င်းတို့နှစ်ဦးကို အောက်တိုဘာလ (၁၀)ရက်နေ့မှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး အောက်တိုဘာလ (၂၃)ရက်နေ့ နေ့လည် (၁၂)ဝန်းကျင်အချိန်မှာ ပြန်လည်လွတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
“ မနေ့က နေ့လည်ပိုင်းက ဘယ်အချိန်လဲတော့မသိဘူး လွတ်လာပြီ သူတို့အပေးအယူတော့မသိဘူးပေါ့ ပြန်တော့လွှတ်ပေးခဲ့ပြီ နှစ်ယောက်စလုံးကို’ဟု လွတ်မြောက်လာမှုကို သိရှိသူတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
ယခုလ အောက်တိုဘာလအတွင်းမှာ ဖားကန့်မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ လက်နက်ကိုင်လူတစ်စု၏ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာမှု (၂)ကြိမ်တိုင် ရှိပြီလည်း ဖြစ်ပါတယ်။
ပြီးခဲ့သည့်လတွေမှာတော့ ယခုလိုဖမ်းဆီးခေါ်ဆောင်ခြင်းခံရလျှင် ပြန်လည်လွတ်ပေးလာမှုမရှိဘဲ သတ်ဖြတ်ခံရမှု ဖြစ်စဉ်များသာ အများဆုံးဖြစ်ပွားခဲ့တာကို သတင်းမှတ်တမ်းများအရ သိရှိရပါတယ်။