
ဩဂုတ် ၆ ၊ ဖားကန့်
ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာအုပ်စု ၊ မှော်စီစာကျေးရွာရှိ သာယာကုန်းကမ်းပါး ကျောက်စိမ်းလုပ်ကွက်ဟောင်းဟာ သြဂုတ်လ ၅ ရက်နေ့ နေ့လည် ၁၂ နာရီ ၅၁ မိနစ် အချိန်တွင် မြေပြိုကျလာမှုကြောင့် အမျိုးသမီး(၁)ဦး နစ်မြှုပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ အောက်ကလုပ်ကွက်ကျင်းက မိုးရာသီဖြစ်တဲ့အခါကျတော့ ရေပြည့်နေတာကိုး အေ့ဒီဘေးပတ်ချာလည်ကရွာတွေကျတော့ ပြည့်နေတဲ့ရေကိုပဲ အသုံးပြုကြတာလေ ရေပြည်နေတဲ့ခါ မြေစာက အေ့ကျင်းထဲကိုပြိုကျတော့ အေ့အချိန် ရေချိုးနေကြသူတွေက လျှပ်တစ်ပြတ်ပြိုလိုက်တဲ့အခါ လိူင်းပုတ်ထဲပါသွားတာပေါ့ ‘ဟု ကယ်ဆယ်ရေးပြုလုပ်ခဲ့သူတစ်ဦးက ပြောပြပါတယ်။
ကမ်းပါးပြိုကျမှုကြောင့် အဆိုပါကန်စပ်တွင် ရေချိုးနေသည့် ကလေးငယ်နှစ်ဦး၊ ၎င်းတို့၏မိခင် အမျိုးသမီးတစ်ဦး၊ နောက်ထပ်အမျိုးသမီးတစ်ဦး စုစုပေါင်း (၄)ဦးတို့ ကန်အတွင်း နစ်မြှုပ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီး(၁)ဦးနှင့် ကလေးငယ် (၂)ဦးကို ပတ်ဝန်းကျင်ရှိ ဒေသခံများက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပြီး ကလေးနှစ်ဦး၏မိခင်ဖြစ်သူကိုတော့ ကမ်းပါးပြိုကျပြီးနောက် ၅ နာရီအကြာမှာ သေဆုံးလျှက်အလောင်းကို ပရဟိတကယ်ဆယ်ရေးပြုလုပ်သူများက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“ပါသွားတဲ့ကန်ထဲကို ရေငုပ်ရှာတဲ့သူကရှာ လှေနဲ့ရှာတဲ့သူကရှာ ရှာဖွေရေးတွေ အစ်ကိုတို့အမျိုးမျိုးလုပ်တယ် လုပ်တဲ့ခါကျတော့ ၅နာရီဝန်းကျင်မှာ သေဆုံးလျှက်တွေ့ခဲ့တာပေါ့’ဟု ကယ်ဆယ်ရေးပြုလုပ်ခဲ့သူ တစ်ဦးက ဆက်ပြောပြပါတယ်။
သေဆုံးသွားသူ ကလေးနှစ်ဦးမိခင်ဟာ အသက်၃၇ နှစ်အရွယ်ရှိ မခင်မာဆွေအမည်ရှိ အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
ကျောက်စိမ်းလုပ်ကွက်ဟောင်းတွေမှာ ယခုလိုမိုးရာသီအချိန်တွင် မြေပြိုကျမှုတွေရှိကာ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားလေ့ရှိပါတယ်။