ဖားကန့်လုံးခင်းတို့တွင်ဥရုချောင်းရေကြီးပြီးနေအိမ်အောက်ထပ်များရေနစ်မြှုပ် 

ဇွန် ၂၂၊ ဖားကန့် 

ဖားကန့်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ငှက်ပျောတော၊ မရှီကထောင်နဲ့ လုံးခင်းကျေးရွာတွေမှာ ဇွန်လ ၂၂ ရက်နေ့ ညပိုင်းက ဥရုချောင်းရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ်အောက်ထပ်များရေနစ်မြှုပ်မှုဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ ပရိဟိတအဖွဲ့တွေဆီကနေသိရပါတယ်။ 

“ လုံးခင်း ဒီကျောက်ဝိုင်းလမ်းတစ်လျောက်ရေနစ်သွားတယ်. ဖားကန့်မှာက ငှက်ပျောတောနဲ့ မရှီကထောင် ဥရုချောင်းရေကြီးလာတာ ရေကြီးချိန်ကာလမရောက်သေးပဲနဲ့ ရေကြီးလာတာပေါ့၊  အပျက်အစီးကတော့မရှိဘူး”  လို့ လုံးခင်း ပရဟိတအဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ရှမ်းနီအသံကိုပြောပါတယ်။ 

ဒီလိုရေကြီးရေလျှံမှုတွေကြောင့် နေရာပြောင်းရွေ့ပေးရတာတွေကိုသာ ပရဟိတအဖွဲ့တွေက အဓိကလုပ်ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ 

ဥရုချောင်းဖျားဖြစ်တဲ့ ကံဆီးကျေးရွာအနီးတဝိုက်မှာ ဇွန်လ ၂၁ ရက်နေ့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့မှာ ဖားကန့်၊ လုံးခင်း တို့မှာ ချောင်းရေဟာ စိုးရိမ်ရေအမှတ်ထက် ၄ ပေခန့်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ ဖားကန့် နဲ့ လုံးခင်းမှာ ရေကျသွားပေမယ့် ဥရုချောင်းဖျားမှာ မိုးရွာသွန်းမှုတွေဆက်ရှိနေသေးတာကြောင့် ရေကြီးရေလျှံမှုတွေထပ်ဖြစ်နိုင်တယ်လို့လည်း ပရဟိတအဖွဲ့တွေက သတိပေးထားကြပါတယ်။ 

ရေကြီးရေလျှံမှုဒဏ်ခံနိုင်ဖို့အတွက် ဥရုချောင်းရှင်းလင်းရေးတွေကိုလည်း လွန်ခဲ့တဲ့ လပတ်အနည်းငယ်က ပြုလုပ်ခဲ့ပေမယ့် ရေကြီးရေလျှံဒဏ်ကိုခံနိုင်ခြင်းမရှိကြောင်းသိရပါတယ်။ 

“ ရှင်းလင်းရေးက ထိရောက်မှုမရှိတာ၊ ရှင်းလင်းရေးခေါင်းစဉ်နဲ့ ဘာတွေလုပ်သလဲကျွန်တော်လည်းမသိဘူး ။ ကျွန်တော်တို့ မြေစာပုံမှာတွေ မြေသွန်နေတယ်။ အဲ့ဒီနွံတွေက ချောင်းထဲကိုစီးလာတယ်လေ။ အဲ့လိုစီးဆင်းနေတဲ့ ကာလပတ်လုံးကတော့ ချောင်းက ဘယ်လောက်လုပ်လုပ်အဆင်ပြေမှာမဟုတ်ပါဘူး။ အခုကလည်း အဖြစ်ပါပဲအဲ့လိုကြီးမဟုတ်ပါဘူး။” လို့ လုံးခင်းဒေသခံတစ်ဦးက ပြောပါတယ်။ 

နှစ်စဉ် ဩဂုတ်လမှ ရေကြီးရေလျှံမှုတွေဖြစ်ပွားတတ်ပေမယ့် ယခုနှစ်ဟာ တစ်လကျော်ပိုစောပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာလို့ ပရဟိတအဖွဲ့တွေက ဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *