ဩဂုတ် ၇ ၊ ဖားကန့်
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မော်ကျေးရွာအနီး ကသိုင်းတောင်မှာ KIA +PDFပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ သြဂုတ်လ ၇ ရက်နေ့ မနက် ၅ နာရီဝန်းကျင်အချိန်ကစပြီး နေ့လည်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“မနက်ကတည်းက ခုထက်ထိလက်နက်ကြီးနဲ့ ပစ်နေတုန်းပဲ ကျတာတွေဘာတွေတော့ တိတိကျကျမသိဘူး ဖားကန့်ဘက်ကနေတာ့ ပစ်နေတုန်းပဲ’ဟု ဆိပ်မူဒေသခံတစ်ဦးက လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရကြောင်း ပြောပြပါတယ်။
နမ့်မော်ကျေးရွာအနီး ကသိုင်းတောင်ရှိ စစ်ကောင်စီတပ်စခန်းကို KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)+PDF ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပြီး နှစ်ဖက်အကျအဆုံးတွေကိုတော့ အတိအကျမသိရှိရသေးပါဘူး။
နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ဖားကန့်မြို့ ၊စစ်ကောင်စီတပ်မကုန်းဘက်မှ လက်နက်ကြီးပစ်ကူပေးသံများကိုလည်း အချိန်အတန်ကြာ ကြားနေရသေးကြောင်း နမ့်မော်ဒေသခံများ၏ ပြောပြချက်အရ သိရပါတယ်။
“ ကသိုင်းတောင်ကဟာ ဟုတ်တယ်။ စခန်းသိမ်းလိုက်တာတော့ဟုတ်တယ်၊ နှစ်ယောက်သုံးယောက်မေးတာတော့ အဲ့လိုပြောတယ်။ တာမခံကနေ လှမ်းထုနေတာ ၊ တာမခံနဲ့ နတ်ရတောင်က တစ်မိုင်လောက်ပဲရှိတာကိုး၊ နတ်ရေတောင်ထဲမှာလည်းပြည့်လို့ပါ့တဲ့ တစ်ရွာလုံး KIA နဲ့ PDF ပါ့” လို့ တာမခံကျေးရွာသား တစ်ဦးက ပြောပါတယ်။
စခန်းသိမ်းတဲ့ သတင်းနဲ့ ပတ်သက်ပြီး ရှမ်းနီအသံက တည်းခြားအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။
ကသိုင်းတောင် စစ်ကောင်စီတပ်စခန်းတွင် စစ်အင်အား ၃၀ ဝန်းကျင်သာရှိပြီး နမ့်မော်-တာမခန်သွား လမ်းပေါ်တွင် တည်ရှိနေတဲ့ တပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ KIA + PDF ပူးပေါင်းတပ်ဖွဲ့တို့၏ စစ်ရေးအမြဲတင်းမာလျက်ရှိနေပြီး တိုက်ပွဲ မကြာခဏဖြစ်ပွားနေပါတယ်။