


မေလ(၁၈)၊ ဖားကန့်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက်(၄)ရှိ လူနေအိမ်ပေါ်မှာ မနေ့က မေလေ(၁၇)ရက်နေ့ မွန်းလွှဲပိုင်း မှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီး(၃)ဦးသေဆုံးခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ ပြည့်တန်ဆာအခန်းနေရာပတ်ပတ်လည်မှာ စစ်ကြောင်းရှိတယ်။ ဒါကို ချတာတော့ KIA+PDF ကစစ်ကြောင်းကိုချတာ ဒါပေမယ့် ဂျန်ဗာမိပြီးစစ်ကြောင်းနေရာကိုမရောက်ဘဲ အဲ့ဒီပြည့်တန်ဆာအခန်းတွေရှိတဲ့အပေါ်တည့်တည့်ကို ဒရုန်းဗုံးကအော်တိုဖြုတ်ချပြီးကျတာ သုံးယောက်သေသွားတယ်လေ”လို့ ရပ်ကွက်အနီးနေထိုင်သူတစ်ဦးက ပြောပြပါတယ်။
ဒီဒရုန်းဗုံးကို ပြည့်တန်ဆာနေအိမ်အနီးက စစ်တပ် စစ်ကြောင်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များပစ်ခတ်ခဲ့တာဖြစ်ပေမယ့် အခုနေအိမ်ကိုသာကျရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူတွေက အသက်(၇၂)အရွယ် ဒေါ်ပုံ၊ အသက်(၆၀)အရွယ် ဒေါ်ခင်ဝင်းနဲ့ အသက်(၂၀)အရွယ်ရှိ မမော်မော်စိန်တို့ (၃)ဦးဖြစ်ပြီး မနေ့ကတစ်ရက်တည်းမှာဘဲ အလောင်းကောက်ယူကာ သင်္ဂြိုလ်ပြီးစီးခဲ့တာလည်း ဖြစ်ပါတယ်။
သေဆုံးသူတွေအပြင် အဆိုပါနေအိမ်မီးလောင်ပျက်စီးခဲ့ပြီး နောက်ထပ်ထိခိုက်သူဒဏ်ရာရရှိသူတွေတော့ မရှိဘူးလို့ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးတွေကြောင့် မကြာခနဆိုသလို ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ ဒေသခံများရှိနေပါတယ်။
