ဩဂုတ်လ ၂၄ ၊ ဖားကန့်
ကချင်ပြည်နယ် မိုးကောင်း-ဖားကန့်လမ်းပိုင်းဖြစ်တဲ့ နန့်ယားကျေးရွာနှင့်မအူပင်ကျေးရွာကြားရှိ ကျောက်ထုKIA ဂိတ်တွင် ခရီးသွားယာဉ်များကို ဖြတ်သန်းခွင့်ပိတ်ထားသည်မှာ (၃)ရက်တာ ရှိခဲ့ပြီဟု ခရီးသွားများထံမှ သိရပါတယ်။
လမ်းပိုင်းပိတ်ထားမှုကြောင့် ခရီးသွားယာဉ် အစီးပေါင်း (၁)ရာကျော်ခန့် မအူပင်ကျေးရွာအနီးတွင် ရပ်နားပိတ်မိနေပြီး လှည့်ပြန်ခဲ့ရသည့်ယာဉ်တစ်ချို့လည်း ရှိနေသည်ဟု သိရပါတယ်။
“ စစ်ကြောင်းသွားတယ်ဆိုတော့ ကေအိုင်အေလည်းပိတ်ထားတယ် စစ်တပ်ကလည်းမသွားခိုင်းဘူးလေ ပစ်ကြခတ်ဆို ပြည်သူတွေထိမှာစိုးလို့” ဟု နန့်ယားဒေသခံတစ်ဦးက ပြောပြပါတယ်။
မအူပင်ကျေးရွာအနီးတွင် သြဂုတ်လ၂၂ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့များနှင့် KIAတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာကြောင့် လမ်းပိုင်းဖြတ်သန်းခွင့် ပိတ်ထားခဲ့တာဖြစ်သည်ဟု ဆိုပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့မှာလည်း ဖားကန့်မြို့ဘက်ကို ချီတက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA တို့ တိုက်ပွဲပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါလမ်းပိုင်းပိတ်ထားမှုကို ရက်အကန့်အသတ်မရှိပိတ်ထားတာဖြစ်ပြီး ဖြတ်သန်းခွင့်ပြန်ဖွင့်မည့်ရက်ကို မသိရှိရသေးကြောင်း ဒေသခံတစ်ချို့က ပြောဆိုနေကြပါတယ်။
မိုးကောင်း-ဖားကန့်လမ်းပိုင်းပိတ်ထားပေမယ့် အင်းတော်ကြီး-ဝှေခါ-ဖားကန့် လမ်းပိုင်းကနေ သွားလာလို့ရရှိနေကြောင်း ဖားကန်-မြစ်ကြီးနား ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။