ဇန်နဝါရီ ၁၀ ၊ ဖားကန့်
ဖားကန့် မိုးကောင်း-လမ်းပိုင်းမှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်များ၏ တိုက်ပွဲတွေကြောင့် ကျေးရွာ (၃) ရွာမှ ဒေသခံများက စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ အစောပိုင်းကနေ မနေ့က ဇန်နဝါရီလ ၉ ရက်နေ့အထိ နမ့်တိန်းကျေးရွာအနီးမှာ မကြာခဏ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ကျေးရွာသားများက စစ်ဘေးတိမ်းရှောင်ကြရတာဖြစ်ကြောင်း ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
“ နန့်ယားက စစ်ဘေးရှောင်တွေကတော့ ရှောင်နေရတာပါ့။ နန့်ယားနဲ့ ခင်တောင်ရယ် ၊ နန့်တောင်ရယ် သုံးရွာ၊ ကားမိုင်းမြို့ထဲကို ရှောင်ကြတာလည်းရှိတယ်။ ရှောင်တဲ့ဟာတွေက တောထဲကို နန့်ယားရဲ့ မြောက် ယုဇနကွင်းတို့ ၊ မြောက်အရပ်တောင်အရပ် အဲ့လိုရှောင်တယ်။ တောင်အရပ်ဆိုရင်ကံ့ကော်တောင်ကြော အဲ့လိုတွေရှောင်တယ် ၊ တောထဲကို ရှောင်တယ်” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
စစ်ဘေးရှောင်သွားကြတဲ့ ကျေးရွာတွေမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းမရှိတော့ပေမယ့်လည်း နေရပ်ပြန်လာကြခြင်းမရှိကြသေးဘူးလို့လည်း သိရပါတယ်။
“ လောလောဆယ်တော့ မဝင်ကြသေးဘူးလို့ပြောတယ် အဲ့လိုမျိုးဖြစ်နေတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းက ဝှေခါကျေးရွာ နှင့် နန့်တိန်း ကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီလ ၆ ရက်နေ့ကစလို့ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဒေသခံထောင်နှင့်ချီကလည်း စစ်ဘေးတိမ်းရှောင်နေကြရ တာဖြစ်ကြောင်း သိရပါတယ်။