ဖားကန့်မြို့လုံးခင်းကျေးရွာရှိ JL မိုဘိုင်းဖုန်းဆိုင်ကိုသေနတ်ကိုင်ထားတဲ့လူငယ်နှစ်ဦးဓားပြတိုက် 

JL မိုင်ဘိုင်းဖုန်းဆိုင်ကို ဓားပြလာတိုက်သည့် လူငယ်နှစ်ဦးကို တွေ့ရစဉ်

ဒီဇင်ဘာ ၂ ၊ ဖားကန့် 

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိတဲ့ Ju Lay ( JL) မိုဘိုင်းဖုန်းအရောင်းဆိုင်ကို သေနတ်ကိုင်ထားတဲ့ လူငယ်နှစ်ဦးက ဒီဇင်ဘာ ၂ ရက်နေ့မှာ ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဒီဇင်ဘာလ  ၂ ရက်နေ့ မနက် ၉ နာရီအချိန်မှာ သေနတ်အရှည်ကိုယ်စီကိုယ်ထားတဲ့လူငယ်နှစ်ဦးဟာ ဆိုင်ထဲကိုဝင်လာပြီး  ဝန်ထမ်းတွေဆီကနေ ငွေကြေးနဲ့ ဖုန်းတချို့ကို ယူဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။ 

“ အကူအညီလမ်းတောင်းတော့ ပေးကြမလို့ပဲ ဟိုကသေနတ်နဲ့ဆိုတော့ ဘယ်သူမှ မကူညီရဲကြဘူး”​လို့ လုံးခင်းဒေသခံတစ်ဦးက ပြောပါတယ်။ 

ထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းအရ လူငယ်နှစ်ဦးဟာ သေနတ်ကို ပီနံအိတ်ထဲထည့်ကာဆိုင်ထဲယူလာခဲ့ပြီးနောက် ဆိုင်ထဲအရောက်မှာ သေနတ်ထုတ်ကာ ဓားပြတိုက်ပြီးနောက်  ဆိုင်အပေါ်ထက်ကို ပြန်တက်သွားပြီး မှန်ရိုက်ခွဲမှုတွေပြုလုပ်ခဲ့ပါတယ်။ 

ဒီဓားပြတိုက်မှုကြောင့် ငွေကျပ်သိန်းငါးဆယ်ခန့် ပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဒေသခံတွေရဲ့ပြောဆိုမှုအရ ဒီဓားပြတိုက်မှုဟာ ငါးဦးပါဝင်ပြီး ကျန်တဲ့ သုံးဦးက အပြင်ကနေ အခြေအနေတွေစောင့်ကြည့်ပေးနေတာဖြစ်ပြီး လူငယ်နှစ်ဦးကသာ ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

လုံးခင်းကျေးရွာမှာ လွန်ခဲ့တဲ့ စက်တင်ဘာလက လည်း ဝေဖြိုးအောင်ရွှေဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ငါးကျပ်သား ရွှေဆွဲကြိုးကုံး တစ်ကုံးနှင့် ကျပ်ငွေ သိန်းရာချီယူဆောင်သွားမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာလအတွင်း လုံးခင်းကျေးရွာမှာ သေနတ်ထောက် ကားလုယက်မှု (၂) မှုဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။  

Leave a Reply

Your email address will not be published. Required fields are marked *