ဒီဇင်ဘာ ၁၄ ၊ ဖားကန့်
ကျောက်စိမ်းရတနာနယ်မြေဖြစ်တဲ့ ဖားကန့်မြို့နယ်အတွင်းမှာ လုယက်ဓားပြတိုက်မှုတွေမကြာခဏဖြစ်နေပြီးတော့ ဒေသခံတွေနဲ့ ကုန်သည်တွေကြား စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ သိရပါတယ်။
“ တစ်နေ့ကျောက်ပွဲဖြစ်မှ တစ်နေ့စားရတဲ့ ပွဲစားလေ၊ အခုဆိုဘယ်အဖွဲ့ကမှန်းမသိတဲ့လူတွေက လက်နက်ပြပြီး လမ်းမှာတင် ကျောက်တွေယူယူသွားတော့ လောပန်းတွေက ပွဲစားတွေကိုတန်ဖိုးကြီးတဲ့ကျောက်တွေ ပေးမရောင်းခိုင်းတော့ဘူး” လို့ လုံးခင်းကျေးရွာရှိ ကျောက်ပွဲစားတစ်ဦးက ပြောပါတယ်။
အခုလိုကျောက်လုယက်မှုဟာ နိုဝင်ဘာလကုန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုင်တန်းခြင်းမရှိတဲ့ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ ၎င်းကပြောဆိုပါတယ်။
ဖားကန့်မြို့နယ်မှာ ဩဂုတ်လကစ ဒီဇင်ဘာလအထိ ဓားပြမှု (၅) ခုနှစ် မနည်းဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
ဒီလို ဓားပြမှုနဲ့ လုယက်မှုတွေအတွက် တိုင်တန်းနိုင်တဲ့အဖွဲ့အစည်းတွေလည်းမရှိနေတာကြောင့် စိုးရိမ်မှုတွေမြင့်တက်နေကြတာလို့ဆိုကြပါတယ်။
“ အခုကြတော့ ဟိုဘက်ဒီဘက်မထွက်ရဲဘူးဖြစ်နေတော့ ခိုးမှုတွေကအစ ဘယ်သူ့တိုင်ရမလဲဖြစ်နေတယ်” ဟုအမည်မဖော်လိုသူလုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဒီဇင်ဘာလအစမှာ လုံးခင်းကျေးရွာရှိ JL မိုဘိုင်းဖုန်းအရောင်းဆိုင်ကို လူငယ်တစ်စုက ဓားပြတိုက်ခဲ့ပြီး စက်တင်ဘာလထဲမှာလည်း လုံးခင်းကျေးရွာရှိ ဝေဖြိုးအောင်ရွှေဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ လုယက်ဓားပြတိုက်မှုတွေအပြင် လုံခြုံရေးကင်းမဲ့နေပြီး သတ်ဖြတ်ခံရမှုတွေကလည်း မကြာခဏဖြစ်ပွားနေတယ်လို့လည်း ဒေသခံတွေကနေသိရပါတယ်။