နိုဝင်ဘာ ၂၂ ၊ ဖောင်းပြင်
စစ်ကိုင်းဒေသကြီးအထက်ပိုင်း ဖောင်းပြင်မြို့နယ် လွင်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်၊ ကျေးရွာပြည်သူ့စစ်တွေနှင့် ဟုမ္မလင်း PDF ပါအဝင် မဟာမိတ်အင်အားစုများ ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်း ၉ နာရီခွဲနောက်ပိုင်းက စတင်ပြီး ရှမ်းနီအသံက သတင်းမေးမြန်းနေချိန်အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ကျေးရွာဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။
“ ကျေးရွာပြည်သူ့စစ်နဲ့ တပ်နဲ့ ပေါင်းပြီးတော့ လက်သုံးချောင်း(PDF)တွေနဲ့ ဖြစ်နေတာ အခု။ မနေ့ကကော ဒီကနေ့ရော။ အခုလည်း ပစ်နေကြတုန်းပဲ။” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အဆိုပါတိုက်ပွဲတွေကြောင့် လွင်ကြီးကျေးရွာနေ ပြည်သူလူထုတွေက ရွာဦးဘုန်တော်ကြီးကျောင်းမှာ ရှောင်တိမ်နေကြရတယ်လို့လည်း သိရှိရပါတယ်။
ယမန်နေ့တိုက်ပွဲမှာ တော်လှန်ရေးအင်အားစုများဘက်က ဒရုန်းဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိသလို စစ်ကောင်စီဘက်ကလည်း လေးကြောင်းသုံး တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။
“အာ… မနေ့ကမှာ လေယာဥ်တွေလာတာ အကြိမ်ရေပ မရေတွက်နိုင်တော့ဘူး။ အနည်းဆုံးတော့ ၆ ကြိမ်လောက် ရှိမယ်ထင်တယ်။ ကျွန်မတို့တွေ ဘုန်းကြီးကျောင်း ရောက်ပြီးတာတောင် ၄ ကြိမ်၊ ကျွန်မတို့ မရောက်ခင်ကတောင် ၂ ကြိမ် ရှိပြီကြီးကို။” လို့ဆိုပါတယ်။
လွင်ကြီးကျေးရွာက ဖောင်းပြင်-ဟုမ္မလင်းမြို့နယ်အစပ်မှာတည်ရှိပြီး လူဦးရေ သုံးထောင်ကျော်နေထိုင်တဲ့ ကျေးရွာလည်းဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ အတွက် နောင်ပိုအောင်-ပင်ခုတ်-နတ်နန်း-ဖောင်းပြင် လမ်းပိုင်းနှင့် ရွှေပြည်အေး-ဟုမ္မလင်း-ဖောင်းပြင် ရေကြောင်းခရီးတွေကို ယာယီဖြတ်သန်းသွားလာမှုမပြုကြဖို့ ဟုမ္မလင်းအခြေစိုက် HPDF 124 က ယမန်နေ့မှာ သတိပေး ထုတ်ပြန်ခဲ့ပါတယ်။