ကုန်စည်စီးဆင်းမှုကောင်းမွန်ဖို့ စစ်ဆေးရေးဂိတ်လျော့ဖို့လိုတယ်လို့ဆို 

ဩဂုတ် ၂၆ ၊ နေပြည်တော် 

ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေဖို့အတွက် လမ်းကြောင်းပေါ်က မလိုအပ်တဲ့ စစ်ဆေးရေးဂိတ်တွေကို လျော့ချဖို့လိုတယ်လို့ သမ္မတ  ဦးမင်းအောင်လှိုင်က မနေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။ 

လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ မလိုလားအပ်တဲ့ စစ်ဆေးရေးဂိတ်တွေကိုလျှေႃ့ချသွားဖို့လိုအပ်သလို တရားမဝင်ကုန်သွယ်မှုတွေကို ကြပ်မတ်ဆောင်ရွက်သွားရမယ်လို့ သူကပြောဆိုခဲ့တာပါ။ 

(၂၀၂၁) ခုနှစ်ကစလို့ မြန်မာနိုင်ငံတဝှမ်းမှာ ကုန်စည်စီးဆင်းမှုနှောင့်နှေးကြန့်ကြာမှုတွေ ဒီနေ့အထိဖြစ်နေပြီး စစ်ဆေးရေးဂိတ်တွေဟာ သိသိသာသာလျော့ကျသွားခြင်းမရှိသေးကြောင်း ကုန်သည်တွေက ပြောဆိုနေကြပါတယ်။ 

လက်ရှိ မိုင် (၂၀)  ဝန်းကျင်သာ ကွာဝေးတဲ့မြို့တွေမှာ စစ်ဆေးရေးဂိတ်တွေဟာ (၄) ခုထက်မနည်းရှိနေပြီး စစ်ဆေးဖို့ထက် ငွေကြေးတောင်းခံမှုတွေပိုများတယ်လို့ သိရပါတယ်။ 

ငွေကြေးတောင်းခံတဲ့ဂိတ်တွေများပြားလာတာကြောင့်လည်း  မန္တလေး-မိုးညှင်း၊မြစ်ကြီးနား ကားခတွေဟာလည်း ခရီးသွားတစ်ဦးအတွက် ကျပ် (၅) သိန်းမှ( ၇) သိန်းကျပ်အထိ စျေးနှုန်းတွေမြင့်တက်လာကာ (၂၀၂၁) ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် (၁၀) ဆအထိမြင့်တက်လာတာလည်းဖြစ်ပါတယ်။ 

ကုန်စည်စီးဆင်းမှုအခြေအနေတွေမှာ မန္တလေးတိုင်းထဲမှာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွက် အနည်းဆုံး တစ်ပတ်မှ ၁ လဝန်းကျင်အထိကြာမြင့်နေတဲ့အနေအထားဖြစ်နေပြီး လက်နက်ကိုင်ပေါင်းစုံရဲ့စစ်ဆေးရေးဂိတ်တွေဟာ( ၅၀) ထက်မနည်းရှိနေတယ်လို့ ယာဉ်မောင်းတွေထံကနေ စုံစမ်းသိရပါတယ်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုနဲ့ စစ်ဆေးရေးဂိတ်တွေပေါများတာကြောင့် ကုန်စျေးနှုန်းတွေဟာ သုံးဆထက်မနည်းမြင့်တက်နေတာလည်းဖြစ်ပါတယ်။ 

NUG ဘက်ကလည်း စစ်ကိုင်းတိုင်းအတွင်းက ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဂိတ်တွေအားလုံးကို ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်စကတည်းက ပိတ်သိမ်းခိုင်းထားပေမယ့် လက်ရှိအချိန်ထိ ဂိတ်ပေါင်းများစွာဟာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *