ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောရေယာဉ်တစ်စီး ဒရုန်းနဲ့ တိုက်ခိုက်ခံရ

ဧရာဝတီမြစ်အတိုင်းဆန်တက်နေတဲ့ စစ်ရေယာဉ်များကိုတွေ့ရစဉ်/Credit ဝက်လက် ပကဖ

ဩဂုတ် (၂၅)၊ ဗန်းမော်

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ စစ်ကိုင်းတိုင်း၊ဗန်းမော်မြို့ဘက်ကို  ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို  KIA + PDF ပူးပေါင်းတပ်များက  ကန့်ဘလူမြို့နယ်ထဲမှာ  ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာမှ ၁ စီးထိမှန်ခဲ့ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဩဂုတ် (၂၄) ရက်နေ့မှာတိုက်ခိုက်ခံရတာဖြစ်ပြီး သင်္ဘောရေယာဉ်အစီးရေ (၁၅) စီးထဲမှ (၁ )စီးတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

တိုက်ခိုက်ရေးယာဉ် ၂ စီး၊ ကမ်းထိုးယာဉ် ၄ စီး၊ သဲစုပ်သင်္ဘော ၁ စီး နဲ့ ကုန်တင်တွဲတွန်း ၈ စီးအပါအဝင် ၁၅ စီး ဆန်တက်လာတာလို့သိရပါတယ်။ 

စစ်တပ်က ဗန်းမော်မြို့ကို  အပြည့်အဝ ပြန်လည်ထိန်းချုပ်ရေးအတွက်  အခိုင်အမာတပ်စွဲပြင်ဆင်နေတာဖြစ်ပြီး ရေယာဉ်တွေဟာ အဆိုပါမြို့ကို ဦးတည်တက်လာတာဖြစ်တယ်လို့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။ 

လက်ရှိမှာတော့ အဲ့ဒီရေယာဉ်တန်းဟာ စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့နယ်၊  ကျောက်မှော်ကျေးရွာကို ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် မကြာမှီ  အချိန်အတွင်း ကသာမြို့နယ်ထဲကို ရောက်ရှိလာမှာဖြစ်လို့ ကသာမြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က မြစ်ကမ်းဘေးတစ်လျှောက်ကျေးရွာက ဒေသခံတွေကို လက်နက်ကြီးများနဲ့ လေကြောင်းအန္တရာယ်တို့ကြောင့် အမြန်ဆုံးတိမ်းရှောင်ကြဖို့ ဒီနေ့မှာ စာထုတ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *