အမေရိကန်မှာ   ခိုလှုံခွင့်လျှောက်ထားသူ နှစ်သိန်းနီးပါးရဲ့ ဗီဇာကို ရုပ်သိမ်းဖို့ ပြင်ဆင်နေ 

An Essex County police officer walks past a tent used by protestors as a base outside of Delaney Hall, in Newark, New Jersey, U.S., May 31, 2026. REUTERS/David ‘Dee’ Delgado

ဩဂုတ် (၂၅) ၊ ဝါရှင်တန် 

အမေရိကန်ပြည်ထောင်စုအတွင်း နိုင်ငံရေးခိုလှုံခွင့်နဲ့ အထွေထွေခိုလှုံခွင့် (asylum) လျှောက်ထားသူ(သို့) ခိုလှုံခွင့်ရရှိဖို့ လျှောက်ထားနေသူ နိုင်ငံခြားသား (၂)သိန်းခန့် ရဲ့  စီးပွားရေးနဲ့ခရီးသွားဗီဇာများကို ရုပ်သိမ်းဖို့ အမေရိကန်အစိုးရက ပြင်ဆင်နေကြောင်း Associated Press (AP) သတင်းဌာနက ဖော်ပြပါတယ်။

AP က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စာရွက်စာတမ်းများနဲ့ အမေရိကန်အစိုးရအရာရှိ (၂ )ဦးတို့ တွေ့ဆုံမေးမြန်းထားချက်တွေကို ကိုးကားပြီး တနင်္လာနေ့မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ဒီအစီအစဉ်သာ အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် အမေရိကန်သမိုင်းတစ်လျှောက် တစ်ကြိမ်တည်းနဲ့ ဗီဇာအများဆုံး ရုပ်သိမ်းမှု ဖြစ်လာနိုင်တယ်လို့ AP က ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) နဲ့ ပူးပေါင်းပြီး အဆိုပါလုပ်ဆောင်ချက်ကို လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း ကြေညာဖို့ မျှော်မှန်းထားပါတယ်။

ဒီအစီအစဉ်မှာ (၂၀၁၆) ခုနှစ်ကနေ (၂၀၂၆) ခုနှစ်အတွင်း ထုတ်ပေးထားတဲ့ B1 နဲ့ B2 ဗီဇာ ကိုင်ဆောင်သူတွေထဲက အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားခဲ့သူတွေ၊ ဒါမှမဟုတ် လက်ရှိ ခိုလှုံခွင့်လျှောက်ထားနေသူတွေကို ပစ်မှတ်ထားမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tommy Pigott က အမေရိကန်ကို ကာလတိုလာရောက်မယ့် ဧည့်သည်တွေအဖြစ် ဝင်ရောက်လာပြီးနောက် အမြဲတမ်းနေထိုင်နိုင်ဖို့ ခိုလှုံခွင့်လျှောက်ထားသူ နိုင်ငံခြားသားတွေရဲ့ Non-immigrant Visa တွေကို DHS နဲ့ ပူးပေါင်းဖော်ထုတ်ပြီး ရုပ်သိမ်းနေကြောင်း ပြောပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကလည်း တနင်္လာနေ့ လူမှုကွန်ရက်ပို့စ်တစ်ခုမှာ ခရီးသွားနဲ့ စီးပွားရေးဗီဇာတွေကို အသုံးပြုပြီး အမေရိကန်ထဲ ဝင်ရောက်လာပြီးနောက် ခိုလှုံခွင့်လျှောက်ထားသူတွေကို ဝေဖန်ခဲ့ပါတယ်။

သူက “အတုအယောင် ခိုလှုံခွင့်တောင်းဆိုမှုတွေကို အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာတစ်ဝန်းက လူတွေ ငြီးငွေ့နေကြပြီ” လို့ ရေးသားခဲ့ပြီး၊ “ခိုလှုံခွင့်ဆိုတာ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ရှောင်လွှဲဖို့ အသုံးချနိုင်တဲ့ နည်းလမ်းတစ်ခု မဟုတ်ပါဘူး” လို့ ပြောထားပါတယ်။

လွန်ခဲ့တဲ့ ၁၈ လအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အရက်မူးပြီး ယာဉ်မောင်းမှု (DUI) ကနေ မုဒိမ်းမှု၊ ဓားပြမှုအထိ ပြစ်မှုတွေ ကျူးလွန်ကြောင်း ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ ဒါမှမဟုတ် ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူတွေအပြင်၊ အမေရိကန်ရဲ့ မူဝါဒတွေကို အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို လူသိရှင်ကြား ဝေဖန်ပြောဆိုသူတွေ ရဲ့ ဗီဇာပေါင်း (၁၇၅,၀၀၀) ခန့်ကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *