ဗန်းမောက်မြို့နယ်မှာ ဝက်အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားနေ 

ဗန်းမောက်မြို့နယ်အတွင်းက စိုက်ပျိုးရေး၊မွေးမြူရေးခြံတစ်ခုကိုတွေ့ရစဉ်/SNV

ဩဂုတ် (၂၄)၊ ဗန်းမောက်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းမှာ ဝက်အကောင်ရေအလိုက် ခြံလုံးကျွတ်အစုအပြုံ သေဆုံးမှု ဖြစ်ပွားနေတယ်လို့ ဒေသခံများမှ သိရပါတယ်။

ဩဂုတ်လ ပထမအပတ်ကတည်းကစလို့  ဝက်ရဲ့ နှာခေါင်း၊ ခြေ၊ လက် ၊နားရွက်နဲ့ မျက်ကွင်းတွေမှာ  အညိုရောင်ပြောင်းလာပြီး အဖုအပိန့်ထွက်ပေါ်ကာ  သေဆုံးနေသလို  တစ်ချို့ဝက်တွေလည်း  လက္ခဏာမပြပဲ သေဆုံးကြတာဖြစ်ပါတယ်။

“ တစ်ရက်ကို လေးငါးကောင်လောက်သေတာတဲ့ သူတို့(အိမ်ရှင်)က သူများလာရောင်းတဲ့ဝက်သားတွေကိုဝယ်ပြီး စားလိုက်တာ။ ဈေးပေါပေါနဲ့လာရောင်းတော့ဈေးပေါ့တယ်ဆိုပြီးဝယ်စားလိုက်တဲ့ချိန်ကြတော့  ဝက်သားမှာရောဂါပါလာတာပေါ့ အဲ့ကနေစပြီးကူးစက်တာ”လို့ ဒေသခံများနဲ့ နီးစပ်သူတစ်ဦးကအခုလိုပြောပြပါတယ်။

လူတွေစားသုံးလိုက်တဲ့စားကြွင်းစားကျန်များ၊ လက်ဆေးရည်များမှ တစ်ဆင့် ဝက်တွေလည်းစားမိပြီး တစ်ရက်ထဲအကောင်ရေ (၇) ကောင်နီးပါးသေဆုံးကြတာဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမောက်အနောက်ပိုင်း၊ မံစီကြီးဒေသစိပ်ထဲက  မံအင်-မင်းကုန်းအုပ်စု၊အရှေ့ကုန်း၊ မန်ကျည်းကုန်း၊နားနန့် ထွန်ကျေးရွာများနဲ့ ရွှေတော်၊ နောင်ပွတ်ဈေးတန်းအပြင် နမ့်တောစံပြကျေးရွာ စတဲ့နေရာများမှာ သေဆုံးမှုတွေရှိနေတာပါ။

အဲ့ဒီလိုသေဆုံးကြတဲ့ ဝက်တွေကို ရွှေတော်၊ နောင်ပွတ်ဈေးရှိ ပျံကျဈေးသည်များက ချောင်းကြီးချောင်းထဲအတွင်း မျှောချကြတာရှိသလို ဒေသခံအများစုကတော့ မြေမြှုပ်စွန့်ပစ်ကြတယ်လို့ သိရပါတယ်။

သေဆုံးပြီး ရေထဲမျှောလာတဲ့ဝက်တွေဟာ ချောင်းကြီးချောင်းထဲမှ တဆင့် ဥရုချောင်းထဲအထိ မျှောပါမှုတွေရှိလာတယ်လို့ ဟုမ္မလင်း နမ့်တောဒေသခံတစ်ဦးပြောပါတယ်။ 

အခုလို သေဆုံးမှုတွေဟာ ကူးစက်ရောဂါတစ်ခုလိုဖြစ်နေပြီး ကပ်ဆိုက်တာဖြစ်တယ်လို့ဒေသခံများအကြား ပြောဆိုမှုတွေရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း အခုလိုဖြစ်စဉ်နဲ့နည်းတူ စစ်ကိုင်းတိုင်းအတွင်းက ဝန်းသိုနဲ့ ကောလင်းမြို့နယ်တွေရှိ ကျေးရွာပေါင်း (၁၇၀) ကျော်မှာ ကျေးရွာ (၁၂၀) ခန့်က ကူးစက်ရောဂါပျံ့နှံသွားပြီး  ရာသီအကူးအပြောင်းကာလများကြောင့် ဝက်နာကျ အစုလိုက်သေဆုံးမှုတွေရှိခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *