
သြဂုတ်(၂၄)၊ မိုးညှင်း
မိုးညှင်းမြို့နယ်ထဲက စတားလင့်ခ်ဝိုင်ဖိုင်စက်အသုံးပြုခတွေကို ဒီလအတွင်းမှာ (1)GB တစ်ထောင်ကျပ်နှုန်းဖြင့် စျေးအဆမတန်မြှင့်တင်ရောင်းချခြင်းတွေ ပြုလုပ်လာကြတယ်လို့ သုံးစွဲသူဒေသခံများထံမှ သိရပါတယ်။
“ ဝိုင်ဖိုင်ကို GB နဲ့ဝယ်သုံးနေရပြီ မတန်ဘူး အရင်ကတစ်လကို(၅)သောင်း၊ အခုက လပြတ်မရတော့ဘူး၊စက်ပိုင်ရှင်တွေက သတင်းတွေတက်တဲ့ (၁၆)ရက်နေ့ကို စစချင်းသူတို့က (1) GB ကို(၇)ထောင်နဲ့ရောင်းတာ ဒါပေမယ့် သုံးတဲ့သူဘယ်သူမှမရှိတော့ (၃)ထောင်လျှော့ပေးတာ နောက်(၁)ထောင်နဲ့ရောင်းနေတယ် “လို့ မိုးညှင်းမြို့အနီးရှိ နန်းမားကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပြပါတယ်။
မိုးညှင်းမြို့အတွင်းက ရပ်ကွက်အချို့တွေမှာလည်း (1)GBကို တစ်ထောင်ကျပ်ဖြင့်ရောင်းချပြီး တစ်ရက်စာ(၂၄)နာရီအတွက် တစ်သောင်းကျပ်နဲ့ဝယ်ယူရရှိနိုင်ကြောင်း မြို့ပေါ်နေထိုင်သူများက ဆိုကြပါတယ်။
ဒါပေမယ့် မြို့ပေါ်မှာ အရင်စျေးနှုန်းအတိုင်း တစ်ရက်ကို ကျပ်(၁)ထောင်၊ (၂)ထောင်နဲ့ အသုံးပြုနိုင်တဲ့ နေရာတွေလည်းရှိနေသေးတယ်လို့ သိရပါတယ်။
အလားတူ အင်းတော်ကြီးဒေသ၊နန့်မွန်းကျေးရွာနဲ့ အချို့ကျေးရွာမှာ GB နဲ့ ဝယ်သုံးနေကြရသလို အချို့ကျေးရွာတွေမှာလည်း နာရီနဲ့ ရောင်းချနေမှုတွေသာရှိနေပြီး ယခင်(၂၄)နာရီ (၂)ထောင်ကျပ်ကို အခု (၅)ထောင်ကျပ်အထိ စျေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ဆိုကြပါတယ်။
“လိုင်းပေါ်မှာဝိုင်ဖိုင်တွေအကန့်အသတ်ဖြစ်သွားတယ်ဆိုတာကို သူတို့အခွင့်ကောင်းယူပြီးလုပ်စားနေကြတာ အခုကသုံးတဲ့သူတွေအနေနဲ့ဘယ်လိုမှမတန်ဘူးဖြစ်နေတာလေ အခုကလပြတ်လည်းမပေးတော့ဘူး”လို့ အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပြပါတယ်။
မကြာသေးမီ သြဂုတ်လ(၁၇)ရက်နေ့ကနေ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့ Starlink (စတားလင့်ခ်)ဂြိုလ်တုစက်တွေကို ပိတ်သိမ်းသွားမယ်လို့ အသိပေးပြီးနောက် စက်တစ်ချို့ပိတ်သိမ်းခံရမှုတွေရှိခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ Stralink အင်တာနက်တွေဟာ GB Plan စနစ်ကို လုံးဝပြောင်းလဲသွားခြင်းမရှိသေးဘဲ ယခင်အတိုင်းဆက်လက်အသုံးပြုနေရဆဲလည်းဖြစ်ပါတယ်။
