ဖားကန့်မြို့မှာ  မြန်မာ့စီးပွားရေးဘဏ်ပြန်လည်ဖွင့်လှစ်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ်တောင်းဆို 

ဩဂုတ် (၂၆)၊ ဖားကန့်

ဖားကန့်မြို့နယ်မှာ  ဘဏ်ဖွင့်လှစ်နိုင်ခြင်းမရှိတာကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့လစာငွေထုတ်ယူရေးအခက်အခဲတွေဖြစ်ပြီး ပြန်လည်ဖွင့်လှစ်ပေးဖို့ကို ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ပြည်နယ်ဝန်ကြီးချုပ်ဆီကို တင်ပြထားတယ်လို့သိရပါတယ်။ 

ဩဂုတ် (၂၁) ရက်နေ့ရက်စွဲနဲ့ စာထုတ်တောင်းဆိုခဲ့တာဖြစ်ပြီး အစိုးရဝန်ထမ်းများရဲ့ လစဉ် လစာများထုတ်ပေးနိုင်ရေးအပြင် ဒေသခံများအနေနဲ့ အခွန်နဲ့ တခြားပေးဆောင်ရမဲ့ငွေများပေးဆောင်နိုင်ရေး၊ ဌာနဆိုင်ရာငွေပေးချေမှုနဲ့ အစိုးရလုပ်ငန်းများ လုပ်ဆောင်ရာမှာအချိန်ကြန့်ကြာမှု စတဲ့ အခက်အခဲတွေကြုံနေရတာကြောင့်လို့ဆိုကာ စာထဲဖော်ပြထားပါတယ်။

အဲ့ဒီဒေသက အုပ်ချုပ်ရေးယန္တရားနဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေလည်ပတ်နေပြီး ဝန်ထမ်းတွေဟာ လစာထုတ်ယူရာမှာ မြစ်ကြီးနားမြို့အထိသွားရောက်ထုတ်ယူနေရတယ်လို့ ဆိုထားပါတယ်။ 

နယ်မြေလုံခြုံရေးနဲ့ တိုက်ပွဲများကြောင့် ဘဏ်လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရတာဖြစ်ပြီး ဒေသခံများ၊ ဝန်ထမ်းများနဲ့ အငြိမ်းစားပင်စင်လခစားများအတွက် ငွေကြေးထုတ်ယူမှု၊ ဘဏ်ဝန်ဆောင်မှုတွေကို  ပြန်လည်အဆင်ပြေနိုင်ရန် တင်ပြတာဖြစ်တယ်လို့သိရပါတယ်။

သက်ကြီးရွယ်အိုပင်စင်စားတွေလည်း အဆိုပါမြို့များအထိ သွားရောက်ထုတ်ယူနေရတာဖြစ်ပြီး လမ်းခရီးအခက်အခဲများကြောင့် သွားရောက်မထုတ်ယူနိုင်တာတွေရှိတယ်လို့သိရပါတယ်။

“ တစ်လစီ ထုတ်ချင်လည်းရတယ် လတွေပေါင်းပြီးတော့လည်း ထုတ်လို့ရတယ်လေ ပင်စင်ထုတ်ပေးတဲ့နေ့(  ၂၁ ) ရက်ကနေ့စပြီး ကျန်းမာရေးရောစစ်ပေးတယ်လေ (၃) ရက်စစ်ပေးတယ်၊လိုအပ်တဲ့ဆေးတွေလည်း ပေးတာပေါ့” လို့ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ 

ဖားကန့်မြို့နယ်က နယ်မြေတချို့ကို KIA+PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့ပေါ် နဲ့ ဖားကန့်-ကာမိုင်းလမ်းပိုင်းပေါ်က ကျေးရွာတွေကို စစ်တပ်က ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *