ဗန်းမောက်တောင်ပိုင်းဒေသတွင် စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်

ဗန်းမောက်တောင်ပိုင်းဒေသအခြေပြမြေပုံ

အောက်တိုဘာ ၇ ၊ ဗန်းမောက်

ဗန်းမောက်တောင်ပိုင်းဒေသတွင် စစ်ကောင်စီက သုံးရက်ဆက်တိုက် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“စီးမော်ဘက်မှာ ဒီနေ့ နေ့လည် ၂ နာရီလောက်တစ်ခါ သုံးနာရီခွဲလောက်တစ်ခါ လေယာဉ်လာတာမြင်ရတယ်။ လေယာဉ်စိုက်ဆင်းသွားတာလည်း မြင်ရတယ်။ ပထမအကြိမ်က နှစ်လုံး ဒုတိယအကြိမ်က သုံးလုံး တတိယအကြိမ်က လေးလုံးပေါက်ကွဲတာကြားရတယ်။” ဟု အောက်တိုဘာလ ၆ ရက်ညနေပိုင်းက ဆက်သွယ်မေးမြန်းရာတွင် ပတ်၀န်းကျင်ကျေးရွာမှ ပြည်သူတစ်ဦးကဆိုသည်။

အဆိုပါလေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် စီးမော်ကျေးရွာနှင့် တစ်မိုင်ကျော်ခန့်ဝေးကွာသော တောင်ကြီးကျေးရွာထိပ်တွင်ဗုံးတစ်လုံးကျရောက်ပေါက်ကွဲသဖြင့် ကျေးရွာရှိနေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ပြီး ဗုံးအများစုမှာ ရွာြပင်ပတွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း သိရသည်။

 “ PDF တွေက စီးမော်ရွာမှာ နေထားတာ စစ်တပ်က တောင်ကြီးရွာမှာ ရှိတယ်။ ခုထိ စီးမော်ရွာကို မဝင်နိုင်သေးဘူး။ ဗုံးကြဲတာကတော့ လူထိခိုက်မှု မရှိဘူးလို့ သိရတယ်။” ဟု အဆိုပါ ကျေးရွာများနှင့် ဆက်စပ်မှုရှိသော ပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါ ဗုံးကြဲမှုနှင့် ပတ်သက်၍ ဗန်းမောက်ဒေသ PDF သတင်းများကို အစဉ်တစ်စိုက်ဖော်ပြလာသော Bamauk Revolution BR- team ကလည်း အတည်ပြုထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် ပေပင် ၊ ကျောက်အိုင်ကျေးရွာများတွင်လည်းကောင်း အောက်တိုဘာလ ၄ ရက်နေ့က ကျောက်မဲတောင် အနီးတွင်လည်းကောင်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ကျောက်အိုင်ကျေးရွာမီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗန်းမောက်တောင်ပိုင်း ဒေသများတွင် အောက်တိုဘ လဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် PDF တပ်တို့အကြားတိုက်ပွဲများ ဆက််တိုက်ဖြစ်ပွားနေပြီး စစ်ကြောင်းများ ဆက်လက် ထိုးနေသဖြင့် တိုက်ပွဲအရှိန်မြှင့်လာနိုင်စရာရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *