
ဇန်နဝါရီ ၂၃ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ် ရဲစခန်းက ဒုတပ်ကြပ်လှမျိုးဦးသည် ယမန်နေ့ညနေပိုင်းက လက်နက်နှင့်တကွ PDF အဖွဲ့ထံ ဝင်ရောက်ခိုလှုံသွားကြောင်း ရဲစခန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
“ သေနတ်အရှည်တစ်လက် နဲ့ လက်ပစ်ဗုံး နှစ်လုံးပါသွားတယ်လို့ပြောတယ်။ ဗိုလ်ကြီးစန်းလွင်ပြန်ခေါ်တာ မလာပဲ သေနတ်နဲ့ ပြန်ပစ်သွားတာ ထိတော့မထိဘူး။ PDF တွေက နားယကာရွာနားမှာ လာကြိုသွားတယ်ပြောတယ်။” ဟု သတင်းရင်းမြစ်တစ်ဦးကဆိုသည်။
အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ ဗန်းမောက် PDF အဖွဲ့အနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ဖြစ်စဥ်မှာ သေချာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ ဒါကြောင့်ဖြစ်မယ် မနေ့က ညနေ မိုးမချုပ်ခင် ငါးနာရီလောက် ရဲစခန်းကနေ သေနတ်တွေ အကြီးအကျယ်ဖောက်နေတာ။” ဟု ရဲစခန်းအနီး နေထိုင်သူတစ်ဦးက ဆိုသည်။
ဗန်းမောက်ရဲစခန်းသို့ KIA+PDF များ မကြာခဏ လာရောက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံမှုမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်းလည်းသိရသည်။
“ ရဲစခန်းထဲမှာ ဖရဲသီးတွေများနေတယ်ဆိုတာတော့ ကြားနေတာကြာပြီ။ ဒါမျိုးဖြစ်စဥ်ကတော့ ဒါပထမဆုံးပဲ။” ဟု ရဲစခန်းနှင့် နီးစပ်သူ မြို့ခံတစ်ဦးကဆိုသည်။
ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ တပ်စခန်းမရှိပဲ မြို့နယ်ရဲစခန်းနှင့် ဒေသစိတ်ရဲကင်းများသာရှိပြီး ယခုအခါအောင်သာကုန်းရပ်ကွက်အနီးတွင် ယခင် တပ်စခန်းရာထားသောနေရာ၌ စစ်တပ်စခန်းတည်ဆောက်ရန် စီစဥ်နေကြောင်းလည်း သိရသည်။