ဇူလိုင် ၂၉ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်က တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက မရရှိကြဘူးလို့ ရှမ်းနီအသံက စုံစမ်းသိရှိရပါတယ်။
“ မထုတ်ပေးပါဘူး ကြာလို့နေပြီကော မထုတ်တာက နိုင်ငံရေးအခြေအနေ မကောင်းကတည်းကနဲ့ပါ့ ” လို့ မြစ်သေးကျင်းကျေးရွာက တောင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဗန်းမောက်မြို့နယ်က တောင်သူတွေဟာ နိုင်ငံရေးပဋိပက္ခတွေကြောင့် စိုက်ပျိုးစရိတ်မရရှိကြတဲ့အတွက် ယခုနှစ်စိုက်ပြီး နောင်ပေါ်မည့်စပါးကို တစ်တင်းကို ၇၀၀၀ ကျပ်နဲ့ ကြိုတင်ရောင်းချပြီး စိုက်ပျိုးစရိတ်အတွက် ဖြေရှင်းနေရတယ်လို့လည်းပြောဆိုကြပါတယ်။
“ ကိုယ့်ဟာနဲ့ကိုယ်ပအေး အခုပေါ်မယ့်စပါးတွေကို ရောင်းထားတယ်လေ စပါးတစ်တင်းကို ၇၀၀၀ နဲ့ အဲ့လိုမျိုးတွေရောင်းလို့ ကောက်စိုက်ခတို့ ပျိုးနုတ်ခတို့ ငှားရတာပါ့အေး။” ၎င်းက ဆက်ပြောပြပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ မိရိုးဖလာစိုက်ပျိုးနည်းနဲ့ ကောက်စိုက်မှုတွေလုပ်ကိုင်ရာမှာလည်း ကောက်စိုက်သမ တစ်ဦးကို တစ်ရက်လုပ်ခ ကျပ် ခုနှစ်ထောင်ပေးနေရပြီး ယခင်ထက် စျေးနှုန်းတွေမြင့်တက်လာတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ်သို့ ဝင်ရောက်မယ့်လမ်းများအားလုံးကို ကန့်သတ်ပိတ်ပင်ထားတဲ့အတွက် ကုန်စျေးနှုန်းကြီးမြင့်မှု၊ ရှားပါးမှုတွေနဲ့လည်း တောင်သူတွေရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ်မှာ ဒေသတွင်းစားသုံးမှုများတဲ့ ဆင်းဧကရီ ၃ ( ဆင်း ၃ ) ဆန်အမျိုးအစားကို နှစ်စဉ် စိုက်ပျိုးဧက သုံးသောင်းကိုးထောင်နီးပါးစိုက်ပျိုးကာ စပါးတင်းပေါင်း ၃ သန်းခွဲကျော်ထွက်တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။