ဗန်းမောက်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ကို ဆက်ထားတဲ့ ချောင်းကြီးချောင်းရေကြီးနေ

ဇွန် ၂၇ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ် နဲ့ ဟုမ္မလင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့   ချောင်းကြီးချောင်းရေဟာ အခုရက်ပိုင်းအတွင်း မိုးဆက်လက်ရွာသွန်းမှုတွေကြောင့် ချောင်းရေတွေမြင့်တက်လာတယ်လို့ ဒေသခံများထံမှ သိရပါတယ်၊၊

ဒီချောင်းရေမြင့်တက်လာတာကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ချောမွေ့လာတယ်လို့ဆိုပါတယ်။ 

ချောင်းရေကြီးလာလျှင် ဆီအလုံးရေသယ်ယူရတာလွယ်ကူလာတာကြောင့် တစ်ကြိမ်ကို ဆီပေါပါအလုံးရေ ၁၃ လုံး အထိတင်ဆောင်နိုင်ပြီး ချောင်းရေလျော့နေကျပါက ၈လုံးခန့်သာ သယ်ဆောင်နိုင်တော့ကြောင်း စက်လှေမောင်းသူတွေက ဆိုကြပါတယ်။

ချောင်းရေလျော့နည်းချိန်မှာ ကုန်စည်ပို့ဆောင်မှုက တစ်ညအိပ်ခရီးမောင်းနှင်ရပြီး ယခုချောင်းရေမြင့်တက်လာချိန်တွင်တော့ နေချင်းတစ်ရက်အတွင်းရောက်ရှိကြောင်း စက်လှေမောင်းသူတွေကပြောပြပါတယ်၊၊

အခုချောင်းရေကြီးတော့အဆင်ပြေပါတယ်၊၊ ချောင်းရေမကြီးခင်တုန်းကဆိုရင် ၅ လုံး ၆လုံး ဘဲတင်ရတာဆိုတော့ အခုချောင်းရေကြီးတော့ ၁၂ လုံး ၁၃ လုံး အဲ့လောက်အထိတင်ရတယ်၊၊ တန်ဆာခတွေပိုရလာတယ်၊၊ချောင်းမကြီးခင်တုန်းတော့မရဘူးပေါ့၊၊ တစ်ရက်တည်းမရောက်ဘူး လမ်းမှာ ညအိပ်ရတယ်၊၊ မနက်အစောကြီးသွားပြီးတော့ ညနေပိုင်းရောက်တာတွေလည်းရှိတယ်၊၊ ခုတော့နေချင်းပေါက်သွားပြီ” လို့စက်လှေမောင်းသူတစ်ဦးကအခုလို့ပြောပြပါတယ်၊၊

ဒါ့အပြင် ချောင်းရေတိမ်ကောခန်းခြောက်လာမှုကြောင့် ရေယာဉ်တိမ်းမှောက်မှုတွေ မကြာခနဖြစ်ပွားလေ့ရှိသလို  ခရီးကြန့်ကြာမှုတွေကြောင့်လည်း ဒေသခံတွေအကြား အခက်အခဲများစွာပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။ 

ယခုရေမြင့်တက်မှုဟာစိုးရိမ်အမှတ်ထိမရောက်သေးပေမယ့်  မိုးဆက်လက်ရွာသွန်းနေတာ နှစ်ရက်ကြာမြင့်လာပြီဖြစ်တာကြောင့် စိုးရိမ်ရေအမှတ်အထိရောက်သွားနိုင်တယ်လို့ ဒေသအာဏာပိုင်အဖွဲ့စည်းများနှင့် ဒေသခံတွေက ခန့်မှန်းနေကြပါတယ်၊၊

ကမ်းဘေးအနိမ့်ပိုင်းအနီး နေထိုင်သူများအနေဖြင့် ကြိုတင်ရှောင်ရှားရန်လိုအပ်ကြောင်းလည်း သိရပါတယ်။ 

မိုးရာသီမှာ ဟုမ္မလင်းမြို့အတွက် လိုအပ်တဲ့ ကုန်စည်တွေကို ဒီချောင်းကြီးချောင်းကို အသုံးပြုပြီး ကုန်စည်ပို့ဆောင်မှုတွေ ပြုလုပ်နေရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *