ဗန်းမောက်မြို့နယ်မြောက်ပိုင်းဒေသငှက်ဖျားတိုက်ဖျက်ရေးတာဝန်ခံတစ်ဦးထောင်ဒဏ်တစ်သက်ချမှတ်ခံရ

အောက်တိုဘာ ၂၅ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ်မြောက်ပိုင်း ငှက်ဖျားတိုက်ဖျက်ရေးတာဝန်ခံတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တယ်လို့ လေ့လာစုံစမ်း သိရှိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့များက ကိုသန်းနိုင်ဦးကို ဗိုလ်တစ်ထောင်ရပ်ကွက် ၎င်း၏ နေအိမ်မှာ  ယခုနှစ်အစောပိုင်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဗန်းမောက်မြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။

“အေး အဲ့ဒီမဖမ်းခင်က သူက ထွက်နေပြီလေ သူ့နာမည်က။ ဖမ်းသွားတာတော့ ကြာပြီ နှစ်အစလောက်က ထင်တာပါ့ သူ့အိမ်မှာဝင်ပြီးတော့ ခေါ်သွားတာ။” 

ကိုသန်းနိုင်ဦးကို စစ်ခုံရုံးက ကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) အရ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ထောင်ဒဏ်တစ်သက် ကျခံစေဖို့  ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းတွေဖော်ပြနေတဲ့ တယ်လီဂရမ်ချယ်နယ်ကနေ သိရပါတယ်

စစ်ကောင်စီရဲ့ ထုတ်ပြန်မှုအရ ရွှေလုပ်ငန်းတွေဆီ ငွေကြေးကောက်ခံပြီး PDF တွေအတွက် ရိက္ခာဝယ်ယူ ပို့ဆောင်ပေးတာ၊ စစ်ရေးလုပ်ရှားမှုတွေကို သတင်းပေးတာနဲ့ နယ်မြေအခြေအနေတွေမေးမြန်းပေးမှုတွေပြုလုပ်ခဲ့တာလို့ ဆိုထားပါတယ်။ 

ကိုသန်းနိုင်ဦး အဖမ်းမခံရချိန်အထိ INGO ငှက်ဖျားတိုက်ဖျက်ရေးမှာ ဗန်းမောက်မြောက်ပိုင်းတာဝန်ခံအနေနဲ့ အလုပ် လုပ်နေခဲ့သူဖြစ်တယ်လို့လည်း နောက်ထပ် ဗန်းမောက်မြို့ဒေသခံ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။

“NGO ပေါ့။ ဟိုက INGO ငှက်ဖျားတိုက်ဖျက်ရေးမှာ လုပ်တဲ့သူ။ သူက မြောက်ဘက်ရိုး ကျတာ။”လို့ ၎င်းက ဆိုပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့ တစ်ရက်တည်းမှာပင် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် စစ်ခုံရုံးက ယင်းမာပင် မြို့နယ်က (၂)ဦး၊ ရွှေဘို မြို့နယ်က (၃)ဦး၊ ဗန်းမောက်မြို့နယ်က (၂)ဦး၊ အင်းတော်မြို့နယ်က (၃)ဦး စုစုပေါင်း (၁၀)ဦးတို့ကို ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *