မြစ်ကြီးနား-မန္တလေးလမ်းပိုင်းအခြေအနေ ဘယ်လိုရှိနေလဲ  

စက်တင်ဘာ(၁၈) ၊ မြစ်ကြီးနား

မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်ခုဖြစ်တဲ့ မန္တလေး-ထီးချိုင့်-ကသာလမ်းပိုင်း အားလုံးနီးပါးကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပြီး လက်ရှိမှာ စစ်ဆေးရေး တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေတယ်လို့  ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေကပြောဆိုကြပါတယ်။ 

“ ကသာမှာတအားစစ်တာအခု ဖုန်းတွေအကုန်ကြည့်စစ်တာ အစစ်အဆေးတော်တော်တင်းကြပ်တယ် ၊တစ်ယောက်မှမလွတ်ဘူး ၊ဖုန်းအားမရှိရင်လည်း ဖုန်းအားသွင်းခိုင်းပြီးကို စစ်တာ ၊ဖုန်းတွေဘာတွေပါးခဲ့တာမျိုးရှိတယ်ဆိုလည်း  ပါးတဲ့သူဆီဖုန်းဆက်ခိုင်းပြီး ဖုန်းဖွင့်စစ်တာ ”  လို့ ခရီးသွားအမျိုးသားတစ်ဦးက ပြောပြပါတယ်။

အခုခရီးသွားလာမှု အများဆုံးလမ်းပိုင်းဟာ  မန္တလေး-မတ္တရာ – သပိတ်ကျင်း-ကသာ လမ်းပိုင်း ဖြစ်ပြီး ပြီးခဲ့တဲ့အပတ်တွေက ကျေးရွာကွင်းလမ်းပိုင်းတွေကိုသာ အသုံးပြုခဲ့ရပေမယ့် အခုရက်ပိုင်းတွေမှာတော့ ကသာ-နဘား၊အင်းတော်  လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးနေပါတယ်။

“ လမ်းတစ်လျှောက်လုံးမှာ စစ်တပ်ဘက်က စစ်သားတွေ ၊ရဲတွေကြီးပဲ  စီပိန်းနားပဲ PDF နည်းနည်းရှိတာ၊ အဲတစ်နေရာပဲ၊ အခုလမ်းပိုင်းတွေမှာ PDF တွေမရှိတော့ဘူး၊ လမ်းပိုင်းနေရာအတော်များများကို စစ်တပ်ကပြန်ယူထားပြီ၊ တစ်လမ်းလုံးစစ်သားတွေအများကြီး ဂိတ်တွေလည်းအများကြီး” လို့ သူကဆိုပါတယ်။

ကျေးရွာကွင်းလမ်းပိုင်းတွေအသုံးပြုသွားလာရတဲ့နေရာမှာ  မြေသားလမ်းနဲ့ ရွှံ့နွှံ လမ်းတွေ ကြောင့် ခရီးသွားယာဉ်တွေ ဖြတ်သန်းရခက်ခဲပြီး ကားတွေကို ထွန်စက်နဲ့  ငှားရမ်းဆွဲသယ်ရတယ်လို့ သိရပါတယ်။

ခရီးသည်တင်ယာဉ် AD Van ကားအသေးတစ်စီးကို အမြင့်ဆုံး(၆)သိန်းကျပ်အထိ ထွန်စက်ငှားရမ်းခပေးဆောင်ရပါတယ်။

“ ထွန်စက်ဆွဲခ ပေးရတဲ့စျေးကမတူဘူး မရုန်းနိုင်တဲ့ကားတွေကပိုပေးရတယ်၊ ကားအသေးတွေ ပုံမှန်ဗွက်စရုန်းရတဲ့နေရာတွေရှိတယ်လေ၊ အဲနေရာတွေကနေ အဆုံးထိ ဗွက်မရုန်းရတော့တဲ့နေရာအထိ ကားအသေးတစ်စီးကို (၆)သိန်းရှိတယ်၊    ကားမကောင်းရင် ငါးနေရာလောက် ဆွဲရတယ်၊  မန္တလေးဘက်ကိုဆင်းလာတုန်းကတော့ ကွင်းလမ်းအရှည်ကြီးကွင်းခဲ့ရတော့ ဗွက်လမ်းတွေကြီးပါ့၊ ကားကအသေးလေးဆိုတော့ ထွန်စက်နှစ်ခေါက်တောင်ဆွဲရတယ်၊ ကားမရုန်းဘူးညှိနေတာ  ဖိုးဝီးရတဲ့ကားတွေပဲချောင်တာ AD Van တွေက မလွယ်ဘူးကွင်းလမ်းသွားရတာ”   လို့ ယာဉ်မောင်းတစ်ဦးက ကျေးရွာကွင်းလမ်းပိုင်းအခြေအနေနဲ့ ပတ်သက်ပြီး အခုလိုပြောပြတာပါ။ 

ဒါပေမယ့် အခုရက်ပိုင်း မိန်းလမ်းပိုင်း  ပြန်လည်ဖွင့်လှစ်ထားတာကြောင့် ထွန်စက်ဆွဲခ သက်သာသွားပြီလည်း ဖြစ်ပါတယ်။

ခရီးသည်ကားခလည်း လျော့နည်းလာပြီး ယခင် ရှေ့ခေါင်းခန်း (၇)သိန်းကျပ်ကနေ အခု (၆)သိန်းကျပ် ၊ ယခင် နောက်ခန်း (၆)သိန်းကျပ်ကနေ အခု (၅)သိန်းကျပ် စျေးရှိနေကြောင်း သိရပါတယ်။

ကသာမြို့နဲ့ အင်းရွာမှာ  ဧရာဝတီမြစ်ကို ဇက်နဲ့ ဖြတ်ကူးရတဲ့စျေးနှုန်းကလည်း ယခင်နှစ်သိန်းခွဲကျပ်ကနေ အခု  တစ်သိန်းကျပ်အထိ လျော့နည်းလာပါတယ်။

“ဇက်အလတ်က ဆယ်စီးဆန့်တယ် ၊ အကြီးဆုံးဇက်က (၁၅)စီးဆန့်တယ်၊ အသေးဆုံးက (၆)စီးဆန့်တယ် ၊ ဇက်တစ်ခါကူးရင်တော့ အစီး (၃၀)လောက်ကတော့ ပါတယ် ၊ကားတွေချောင်သွားတဲ့အချိန်ဆို အနောက်ကကားတွေကကျော်တက်ကြပြီ အဲလိုလုပ်ကြတော့ တုံကင်နံပါတ်ကားနံပါတ်တွေယူပြီး ကျော်တက်လို့မရအောင် ပြန်လုပ်ပေးတယ်၊ ဇက်ကူးတဲ့အခါဆိုလည်း မနက်အစောပထမဆုံးအသုတ်နေရာရတယ်ဆိုရင် မန္တလေးကို စောစောရောက်တယ် ၊ မြစ်ကို ဇက်ကတစ်ခါတစ်ခါကူးရင် အသွားအပြန် နှစ်နာရီခွဲလောက်ကြာတယ်လေ” လို့ ယာဉ်မောင်း အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ကသာမြို့တွင်းရှိ ကူးတို့ဆိပ်ကို စစ်တပ်က ပိတ်ပင်ထားပြီး အင်းရွာရှိ ကူးတို့ဆိပ်ကိုသာ ဖွင့်လှစ်ကူးသန်းနေကြောင်း သိရပါတယ်။

ကျေးရွာကွင်းလမ်းဘက်သို့ ဖြတ်သန်းရပါက နှစ်ညအိပ်ကနေ တစ်ပတ်အထိ ကြာမြင့်တတ်ပြီး မိန်းလမ်းမကြီးဖွင့်လှစ်ပါက တစ်ညအိပ်သာ ခရီးကြာမြင့်တာပါ။

အင်းတော်မြို့နယ်၊ စီပိန်းကျေးရွာအနီးတစ်ဝိုက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးလှုပ်ရှားမှုရှိတာကြောင့် တိုက်ပွဲမကြာခဏဖြစ်ပွားမှုတွေလည်းရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *