တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ရက်တိုးကျင်းပဖို့ရှိနေ 

၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲ /SNV

စက်တင်ဘာ ၁၈ ၊ တောင်ကြီး

နှစ်စဉ်ကျင်းပတဲ့ တောင်ကြီးမြို့ တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၁၈ နေ့မှာစတင်ကာ ၂၄ ရက်အထိ ကျင်းပဖို့ရှိနေပြီး ရက်တိုးကျင်းပဖို့လည်း ပြင်ဆင်မှုတွေရှိနေတယ်လို့ သိရပါတယ်။ 

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကိုလည်း နိုဝင်ဘာ ၂၅ ရက်မှာ တစ်ဆက်တည်းကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

တောင်ကြီးမြို့ အဝေရာမီးပုံပျံကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲစာရင်းများကို စက်တင်ဘာ (၁၇ )ရက်နေ့ကစလို့ စတင်လက်ခံနေပြီိလို့သိရပါတယ်။ 

ဒါ့အပြင် မီးပုံးပျံအရေအတွက်နဲ့ ရာသီဥတု အခြေအနေပေါ်မူတည်ပြီး ပွဲရက်များ တိုးမြှင့်ကျင်းပသွားဖို့ရှိကြောင်းကိုလည်း ပြောဆိုထားတာဖြစ်ပါတယ်။

ဒီနှစ် လွှတ်တင်မဲ့ နေ့လွှတ်နဲ့ ညလွှတ် မီးပုံးပျံအရေအတွက်မှာ မနှစ်ကထက်ပိုများမှာ ဖြစ်တယ်လို့သိရပါတယ်။ 

ယမန်နှစ်က ပြိုင်ပွဲအတွင်းအလုံးရေ ၇၀ ကျော်ထဲမှ တစ်ချို့မှာ လွှတ်တင်ရာတွင် ရာသီဥတုအခြေအနေများ ဖြစ်ပေါ်ကာမအောင်မြင်ခဲ့မှုကြောင့် သိန်းရာချီဆုံးရှုံးမှု တွေရှိခဲ့တယ်လို့ ဆိုထားပါတယ်။

တောင်ကြီးမြို့မှာ နှစ်စဉ်ကျင်းပတဲ့တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မြို့တွင်းရှိ အဝေရာမီးပုံးပျံကွင်းမှာ ဒီနှစ်နောက်ဆုံးထားပြီးကျင်းပမှာဖြစ်တယ်လို့ သတင်းတွေထွက်နေမှုအပေါ်  မြို့ပေါ်ဒေသခံတစ်ဦးမှ သိရပါတယ်။

“ နေရာရွေ့မယ်လို့တော့ကြားတယ် ဒီနှစ်လား နောက်နှစ်တွေလားတော့မသိဘူးပေါ့။ ဟိုးဘက်တောင်ကြီး အထွက်ဘက်ပေါ့ ‘ကက္ကူ’ တို့ဘက် ရွေ့မယ်လို့တော့ကြားတယ်” သူကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာရောက်လည်ပတ်သူအလွန်များပြားခဲ့ပြီး ဆက်သွယ်ရေးပြတ်တောက်မှု၊ အစားအသောက်စျေးနှုန်းကြီးမြင့်မှုတွေကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဆိုင်ခန်းများမှာလည်း လေလံဆွဲတဲ့သူများကို ငွေကြေးအဆမတန်ပေးဆောင်ရမှုများကြောင့် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူရောင်းချရတာဖြစ်တယ်လို့သိရပါတယ်။

“ မနှစ်ကတော့ မုန်ဟင်းခါးတစ်ပွဲကို ခုနှစ်ထောင် ရှစ်ထောင်ပေါ့ အဲ့လိုမျိုးဖြစ်သွားတယ်ထင်တယ် မနှစ်ကနဲ့ ဒီနှစ်ကမတူတော့ မနှစ်ကတော့ ဈေးအဆမတန်တက်တယ်လို့ပြောကြတာပဲ” လို့ဒေသခံများကပြောပြပါတယ်။

တောင်ကြီးမြို့ ရိုးရာမီးပုံးပျံပွဲတော်ကို ၁၉၄၁ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ် ၂၀၂၆ ခုနှစ်မှာတော့ (၈၅) ကြိမ်မြောက်အဖြစ် ကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *