အောက်တိုဘာ ၂ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်ရှိ ဗန်းမောက်မြို့မ ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးအပ်ပွဲတစ်ခု ဒီနေ့ အောက်တိုဘာလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရသိရပါတယ်။
စစ်ကောင်စီက ဗန်းမောက်မြို့ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးခဲ့တာဟာ ယခုနှစ် မေလ ကတည်းကဖြစ်ပေမယ့် အောက်တိုဘာလမှသာ လက်နက်အပ်ပွဲကျင်းပပြုလုပ်ခဲ့တာလို့ ဖြစ်စဉ်ကိုသိတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
“ အေး ဟုတ်တယ်လေ။ လက်နက် အပ်တာက ကြာပါပြီ။ သူတို့ဘာသာသူတို့ ဟိုလိုမျိုး လက်နက်အပ်ပွဲ ကျင်းပတာပါ့။ တစ်ရာမှာကျော်တယ်နော် အနည်းဆုံးမှာ။” ၎င်းက ပြောပြပါတယ်။
စစ်ကောင်စီက ဗန်းမောက်မြို့ပေါ်မှာ ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးပြီး နောက်ပိုင်းမှာတော့ ဗန်းမောက်မြို့ပေါ်မှာ ပစ်ခတ်မှုတွေ နည်းပါးသွားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
သို့ပေမယ့် ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးတဲ့ မေလနောက်ပိုင်းမှာ မြို့ပေါ်နှင့်အနီးတဝိုက်မှာ ပစ်ခတ်မှုတွေဟာ ၁၀ ကြိမ်ထက်မနည်းရှိသလို မှိုင်းပေါက်ကွဲမှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။
ဗန်းမောက်မြို့မှာ ယခင်က ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းတည်ထောင်ခဲ့မှုတွေရှိခဲ့ပြီး အခုနောက်တစ်ကြိမ်ပြန်ဖွဲ့စည်းတာဖြစ်ပြီး စစ်ကောင်စီက လက်နက်နှင့် ရိက္ခာတွေကို ထောက်ပံ့ပေးတာဖြစ်တယ်လို့ ဗန်းမောက်ပြည်သူ့စစ်နဲ့ နီးစပ်သူ နောက်ထပ် ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဗန်းမောက်မြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့တစ်ခုဖြစ်ပြီး ရှမ်းနီအမျိုးသားများတပ်မတော် SNA ၊ စစ်ကောင်စီ စစ်ကြောင်း ၊ ပြည်သူ့စစ် ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ KIA တို့ လှုပ်ရှားကြတဲ့ ဒေသလည်းဖြစ်ပါတယ်။