စက်တင်ဘာ ၁၃ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့က ဗန်းမောက်မြို့မှ ကျွဲကောကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ဆွမ်းခံပြီးပြန်လာတဲ့ ကိုရင်လေးနှစ်ပါး လူပြတ်တဲ့လမ်းခုလပ်တစ်နေရာမှာ ဓားပြတိုက်ခံခဲ့ရတယ်လို့ ဗန်းမောက်မြို့ပေါ်ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရှိရပါတယ်။
“ မနေ့ကကျွဲကောကုန်းကကိုရင်လေးနှစ်ပါးဓားပြအတိုက်ခံရတယ်တဲ့။နှစ်လုံးပါသွားတယ်ဖုန်း။ဆွမ်းခံကြွတဲ့အချိန်ဆွမ်ခံပြီးပြန်တဲ့အချိန်လူပြတ်တဲ့နေရာမှာ။” ဓားပြတိုက်ခံရတာကိုသိတဲ့ဗန်းမောက်မြို့ဒေသခံတစ်ဦးကပြောပြပါတယ်။
ကိုရင်လေးနှစ်ပါးကို ဓားပြလာတိုက်တဲ့လူငယ်နှစ်ဦးဟာ အသက် (၁၇) နှစ်ဝန်းကျင် လူငယ်တွေဖြစ်ကြပြီး ၎င်းတို့လက်ထဲ ပစ္စတိုသေနတ် တစ်လက်ပါရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လူငယ်နှစ်ယောက်ဟာ ကျွဲကောကြီးကျေးရွာက လူငယ်တွေလို့ ပြောဆိုနေကြပေမယ့် ရှမ်းနီးအသံအနေနဲ့တော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဓားပြတိုက်ခံရတဲ့ ကိုရင်နှစ်ပါးကို တစ်စုံတစ်ခု လုပ်ဆောင်သွားခြင်းမရှိပေမယ့် ဖုန်းနှစ်လုံးယူဆောင်သွားပြီး ဆွမ်းစားချိန်ကို ပြန်လာခဲ့မယ်လို့ ပြောဆိုသွားကြောင်း နောက်ထပ်ဗန်းမောက်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“ လူကိုတော့မလုပ်သွားဘူး။မလုပ်သွားဘူး။နောက်တော့သူတို့ကိုပြန်ကြိမ်းသွားတာကငါတို့ဆွမ်းစားချိန်ကြရင်ပြန်လာမယ်။အဲ့ဒါပဲကြိမ်းသွားတယ်ပြန်မလာတော့ဘူးထင်တယ်ကော။” လို့၎င်းကဆိုပါတယ်။
လတ်တလော ဗန်းမောက်မြို့ပေါ်မှာ ခိုးမှုတွေ၊ ဓားပြမှုတွေကို ကျူးလွန်လုပ်ကိုင်နေတဲ့ လူရှစ်ယောက်အုပ်စုတစ်ခု ရှိနေတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။
ဗန်းမောက်မြို့နယ်မှာ ၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်း အင်းတော်-ဗန်းမောက်လမ်းပိုင်းမှာ ဓားပြမှုနှစ်ခုရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။