မေ၁၉၊ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ ကုန်သွယ်ရေးလမ်းကြောင်းများကို နှစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့် ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးဘူးလို့ ဒီနေ့မေလ ၁၉ ရက်နေ့မှာ ဒေသခံတွေက ရှမ်းနီအသံကို ပြောပြလာပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်ကို (KIA + PDF) ပူးပေါင်းတပ်များက ကုန်သွယ်ရေးလမ်းကြောင်းတွေကို သွားလာခွင့်ပိတ်ပင်ထားတာဟာ မေလ လအစကတည်းက စတင်ပိတ်ပင်ထားခဲ့တာဖြစ်ပြီး ဒီကနေ့အထိဆို နှစ်ပတ်ကျော် ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။
“ အခု အချိန်ထိ ပိတ်ထားတုန်း။ ကုန်သွယ်မှုတွေ အကုန်လုံး ပိတ်ထားတယ်။ အခုက ဘယ်နှစ်ရက်နေ့အထိ ပိတ်မလဲဆိုတာလည်း မပြောတတ်တော့ဘူး။ ငါတို့တောင် ကုန်ပစ္စည်းမှာချင်တာကို မှာလို့ မရတတ်ဘူး ဖြစ်နေတယ်။” ဗန်းမောက်မြို့နယ် ဆိုင်ရှင်တစ်ဦးက ရှမ်းနီအသံကိုပြောပြပါတယ်။
လမ်းပိုင်းပိတ်ထားမှုတွေကြောင့် စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများ ပျက်လပ်မှုနှင့် စျေးနှုန်းမြင့်တက်လာမှုများ၊ အော်ပရေတာတချို့ရဲ့ ဖုန်းငွေဖြည့်ကဒ်လုံးဝပျက်လပ်မှုများနှင့်ကြုံတွေ့နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဗန်းမောက်မြို့နယ်အတွက် ကုန်သွယ်ခွင့် ပိတ်ပင်ထားပေမယ့် ကျန်းမားရေးနဲ့ ပတ်သက်ရင်တော့ သွားလာလို့ရပေမယ့် ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
“ကျန်းမာရေးနဲ့ ပတ်သက်လို့ကတော့ သွားရေးလာရေး ခက်ခဲတာလေးပအေး။ ရပါတယ် ရတာတော့ ခက်ခက်ခဲခဲ ရှိတာပါ့အေး သွားရလာရတာက။ ကျန်းမာရေးမို့လို့ မဖြစ်မနေ သွားရမယ်ဆိုလို့ရှိရင် သွားတာတော့ သွားရတာပါ့ ဒါပေမယ့် ကြောက်ကြတာပါ့အေး”လို့ သူကပြောပြပါတယ်။
KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ဒီကုန်သွယ်လမ်းပိုင်းကို ပိတ်ထားရတဲ့အကြောင်းအရင်းကိုတော့ တိတိကျကျထုတ်ပြန်ပြောဆိုထားခြင်းမရှိပါဘူး။
ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဗန်းမောက်-အင်းတော်လမ်းပိုင်း ၊ ဗန်းမောက်မြောက်ပိုင်း-မော်လူးလမ်းပိုင်းတွေအားလုံးကို ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။