
စက်တင်ဘာ ၆ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်းက နိုင်ငံ့ဝန်ထမ်းများဟာ လစာ မရရှိတာ နှစ်လရှိနေပြီလို့ ဗန်းမောက်မြို့ ဝန်ထမ်းအသိုင်းအဝိုင်းကနေ ရှမ်းနီအသံက စုံစမ်းသိရှိရပါတယ်။
“ ပြီးခဲ့တဲ့လ(၇လပိုင်း)ကော ဒီလ(၈လပိုင်း)ကော နှစ်လစာ မထုတ်ပေးနိုင်ဘူးလို့ ပြောတာ။ ဗန်းမောက်ဘဏ်က မထုတ်ပေးနိုင်ဘူးလို့ ပြောတာ။ ၇ လပိုင်း လစာကလည်း မထုတ်ပေးနိုင်ဘူး။ ၈ လပိုင်း လစာလည်း မထုတ်ပေးနိုင်ဘူးလို့ ကြားတယ်။” လို့ မီးသတ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဗန်းမောက်မြို့နယ်က နိုင်ငံ့ဝန်ထမ်းများ လခ နှစ်လစာ မရရှိတဲ့အကြောင်းအရင်းဟာ ဗန်းမောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှာ ငွေသား မရှိတော့တာဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စဥ်က ဗန်းမောက်မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းများအားလုံးအတွက် လိုအပ်သောလစာငွေတွေကို ခရိုင်မြို့ဖြစ်တဲ့ ကသာမြို့ရှိ ခရိုင်ဘဏ်မှာ
လာရောက်ထုတ်ယူရတာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
“ခါတိုင်းကတော့ ဟိုးအရင် လမ်းကြောကောင်းတုန်းကတော့ ခရိုင်ဘဏ်မှာပဲ လာလာထုတ်ရတယ်လေ။ ဗန်းမောက်ဘဏ်အတွက် ပိုက်ဆံကို ခရိုင်မှာ လာယူရတာ။ အခုက တိုင်းရုံးက တိုင်းကနေ ပို့ပေးတာနေမှာ။ မုံရွာကနေ ပို့မယ်နေမှာ။ ပို့တော့လည်း မုံရွာကနေကြတော့လည်း လေယာဥ်နဲ့ ပို့ရင်ပို့ပါ့ အေးမောင် တစ်ခြားနည်းနဲ့ သယ်လို့ မရဘူးလေမောင်။” လို့ သူကပြောပါတယ်။
ကသာခရိုင်အတွင်းရှိ မြို့နယ်ချင်းဆက်လမ်းတွေကို တော်လှန်ရေးအင်အားစုများက ပိုမိုစိုးမိုးလာနိုင်တဲ့ အတွက် ငွေကြေးသယ်ဆောင်ရာမှာ အခက်အခဲရှိလာပြီး ဗန်းမောက်မြို့နယ်အတွက် လိုအပ်သည့် ငွေကြေးတွေကို လေကြောင်းကနေ ပို့ဆောင်ခဲ့ရသည့် ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ ဝန်ထမ်းအင်အားအများဆုံးဖြစ်တဲ့ ဆရာ/မ အရေအတွက်အားဖြင့် သုံးရာကျော်ရှိပြီး ဝန်ထမ်းစုစုပေါင်း လေးရာဝန်ကျင်ဖြင့်သာ လည်ပတ်နေတယ်လို့ ဗန်းမောက်မြို့ဒေသဆိုင်ရာ အချက်အလက်အရ သိရပါတယ်။