တော်လှန်ရေး တပ်ဖွဲ့ဝင်များ အရပ်သားများနှင့် ရောနှောနေထိုင်ခြင်း မပြုဖို့ သျှမ်းအရပ်ဘက်အဖွဲ့အစည်းများ မေတ္တာရပ်ခံတောင်းဆို

စက်တင်ဘာ ၉ ၊​ ရန်ကုန်

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ အရပ်တွေနဲ့ ရောနှောနေထိုင်တာတွေကို မပြုလုပ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ သျှမ်းလူငယ်အရပ်ဘက်အဖွဲ့အစည်း ၉ ဖွဲ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မှုနဲ့ ပတ်သက်ပြီး သျှမ်းလူငယ်အရပ်ဘက်အဖွဲ့စည်းများတွေရဲ့ သဘောထားထုတ်ပြန်ချက်မှာ အခုလိုထည့်သွင်းဖော်ပြတောင်းဆိုထားတာလည်းဖြစ်ပါတယ်။

“ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်ရှိအချိန်ကာလတွင် စစ်အာဏာရှင်စနစ်လုံးဝမပြုတ်ကျသေးသည်ကို ထောက်ရှုကာအရပ်သားပြည်သူများနှင့် အတူရောနှောနေထိုင်ခြင်းမပြုရန် မေတ္တာရပ်ခံပါသည်”​လို့ အဲ့ဒီအဖွဲ့ ၉ ခုကို ထုတ်ပြန်ထားပါတယ်။

https://feji.us/ncn8zi

စက်တင်ဘာလ (၅) ရက်နေ့ ညမှာ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ လအိတိုက်နယ် ဘန်ကောက်စစ်ရှောင်စခန်း နဲ့ စက်တင်ဘာလ (၆) မနက် (၁)နာရီခွဲ့ဝန်းကျင်အချိန်မှာ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့လယ်ကို လူအိပ်ချိန်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအပါဝင် အရပ်သားများစွာ သေဆုံးတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှမ်းအရပ်ဘက်အဖွဲ့စည်းများက စစ်ကောင်စီကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချထားပြီး တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့လည်း လက်ရှိချိန်တွင် အရပ်သားပြည်သူများနှင့် အတူရောနှောနေထိုင်ခြင်းမပြုကြရန် မေတ္တာရပ်ခံထားပါတယ်။

သျှမ်းတော်လှန်ရေးအဖွဲ့များ ၊ နိုင်ငံရေးအဖွဲ့စည်းများကလည်း ပြည်သူလူထုကို အကာအကွယ်ပေးဖို့ နဲ့ စစ်အာဏာရှင်စနှစ်ပြုတ်ကျရေးကို ပါဝင်ပေးကြရန် တောင်းဆိုထားတယ်လို့လဲဆိုထားပါတယ်။

တောင်းဆိုတဲ့ သျှမ်းလူငယ်အရပ်ဘက် ၉ ခုထဲမှာ ကျောင်းသားလူငယ်အဖွဲ့အစည်းများ ၊ လူငယ်အခြေပြုအဖွဲ့များ ၊ ဆေးပညာဆိုင်ရာ အဖွဲ့အစည်းများ ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့်အဖွဲ့တွေ ပါဝင်ပါတယ်။

စစ်ကောင်စီ ဥက္ကဌက စက်တင်ဘာလ ၃ ရက်နေ့ တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ သိမ်းပိုက်ခံထားရတဲ့ မြို့နယ်တွေကို တန်ပြန်ထိုးစစ်ပြုလုပ်သွားမှာ ဖြစ်သလို လူထုတွေအနေနဲ့ ဘေးကင်းလုံခြုံရေးသတိထားကြဖို့ ပြောဆိုထားပါတယ်။

တန်ပြန်ထိုးစစ်လုပ်မယ့်နေရာမှာလည်း သတင်းရရှိမှုနဲ့ အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ သူက ပြောဆိုထားပြီး ရက်ပိုင်းအကြာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေးဆုံးမှု ၂၀ ကျော်ရှိခဲ့ပြီး အဆောက်အဦး ၈၀ နီးပါးပျက်စီးခဲ့ပါတယ်။

စက်တင်ဘာလ (၆) ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်အပါဝင် အရပ်သားပြည်သူ ၂၂ ဦးသေဆုံးခဲ့ရပြီး ၃၀ ဦးထိခိုက်ဒဏ်ရာ ရရှိကာ လူနေအိမ် (၇၅)လုံး ပျက်စီဆုံးရှုံးခဲ့ရတယ်လို့ မှတ်တမ်းတင်ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *