
မတ် ၁၁ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းမှာ လတ်တလောတွင် စက်သုံးဆီတွေရှားပါးလာနေသလို စျေးနှုန်းကြီးမြင့်လာမှုတွေနဲ့ ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဒီမှာက ဓာတ်ဆီ တစ်လီတာ ၁၅၀၀၀ ခွဲ ဆိုင်တိုင်းမရဘူး။ တစ်ချို့ဆိုင်တွေဆို တစ်လီတာ ၂၀၀၀၀ ကျပ်ရှိတယ်။ ဓာတ်ဆီတစ်ပေပါ ၂၈၀၀၀၀၀ ရှိတယ် ဈေးပဲရှိတာ ဆီမရှိဘူး ။ ဓာတ်ဆီမရှိဘူး ဝယ်လို့မရတော့ဘူးဖြစ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ ဓာတ်ဆီတစ်လီတာ တစ်သောင်းခွဲကျပ်မှ နှစ်သောင်းကျပ်အထိစျေးနှုန်းမြင့်တက်နေတာ တစ်ပတ်ကျော်ကြာမြင့်လာတာလည်းဖြစ်ပါတယ်။
စက်သုံးဆီတွေ ရှားပါးလာမှုတွေကြောင့် လုပ်ငန်းတချို့ ခေတ္တရပ်နားနေရတာအပြင် ခရီးသွားလာမှုတွေလည်းနည်းပါးသွားတယ်လို့ ဆီကုန်သည် လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။
အမေရိကန်နဲ့ အီရန်တို့ရဲ့ စစ်ပွဲနောက်ဆက်တွဲ ရေနံလမ်းကြောင်းဖြစ်တဲ့ ဟော်မုခ်ရေလက်ကြားပိတ်ပင်ခံရပြီးတဲ့နောက် စက်သုံးဆီအကြပ်အတည်းနဲ့ အာရှတစ်ဝှမ်းကြုံတွေ့နေရတာပါ။
မြန်မာနိုင်ငံမှာလည်း စက်သုံးဆီအကြပ်အတည်းတွေရင်ဆိုင်နေရပြီး စစ်ကိုင်းတိုင်းဒေသကြီးကို စစ်ကော်မရှင်က ၂၀၂၄ ခုနှစ်ကတည်းက စက်သုံးဆီတင်ပို့မှုတွေကို ကန့်သတ်ထားတာလည်းဖြစ်ပါတယ်။
NUG ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ထိန်းချုပ်နယ်မြေပြင်ပ စက်သုံးဆီသယ်ယူခွင့်တွေကို ပိတ်ပင်ထားတာ ၂၀၂၄ ခုနှစ်ကတည်းကဖြစ်ပြီးလက်ရှိမှာ ယခင်ထက် တင်းကြပ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ နေ့စဉ် အသုံးပြုနေတဲ့ 92 ဂါလံ တစ်သန်းခွဲကျော်နဲ့ ဒီဇယ် ၁.၇ သန်းရှိပြီး ရက်ပေါင်း ၄၀ အတွက် စစ်ကော်မရှင်က သိုလှောင်ထားပြီး ပြတ်လပ်မှုမရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
မြို့ကြီးတွေအပါအဝင် မြို့ရွာတချို့မှာပါ စက်သုံးဆီတွေကို ချွေတာရေးစနစ်အနေနဲ့ အလှည့်ကျ ယာဉ်မောင်းနှင်ခွင့်နဲ့ အလှည့်ကျ စက်သုံးဆီဝယ်ယူနေတဲ့ စနစ်ကိုအကောင်အထည်ဖော်နေတာလည်းဖြစ်ပါတယ်။
