“ဗန်းမောက်မြို့နယ် သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ပြန်လွတ်ပေးခြင်းမရှိသေး “

ဇွန် ၂၇ ၊ ဗန်းမောက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်မှာ (KIA+PDF)က ဖမ်းဆီးသွားတဲ့ ဗန်းမောက်မြို့နယ် သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ ဦးဆန်းဦး ကို ရက်ပေါင်း(၂၀)ကျော်ကြာမြင့်လာခဲ့ပေမယ့် ပြန်လည်လွတ်ပေးခြင်း မရှိသေးဘူးလို့ ဒေသခံသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကတည်းက ဦးဆန်းဦးကို လေးသီဘုန်းတော်ကြီးကျောင်းအတွင်း ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်နေချိန်မှာ ဗန်းမောက်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့ (KIA+PDF)အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

KIA+PDF အဖွဲ့က ဖမ်းဆီးသွားတဲ့ ဗန်းမောက်မြို့နယ် သျှမ်းနီစာ/ယဉ် ဒုတိယဥက္ကဌ ဦးဆန်းဦး ပြန်လည်မလွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး လေးသီဒေသခံတစ်ဦးက အခုလို ပြောပြလာပါတယ်။

“ ပြန်မလွတ်လာသေးဘူး။ သူတို့အိမ်ကတွေတော့ မျှော်တာပါ့အေးမောင်။ ပြန်လွတ်ပေးစေချင်ပြီပါ့။ လယ်လုပ်ယာလုပ်ငန်း လုပ်တဲ့အချိန်ဆိုတော့။ သူများတွေက ပျိုးတွေ ကြဲပြီးကုန်ပြီလေ။ သူတို့အိမ်က ပျိုးခင်းတောင် မလုပ်ရသေးဘူး။”

မြို့နယ်သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ ဦးဆန်းဦး အဖမ်းခံရတာနဲ့ပတ်သက်ပြီး တိကျသေချာသည့်အကြောင်းအရင်းကို ယနေ့အချိန်အထိ သိရှိရခြင်း မရှိသေးပါဘူး။

မြို့နယ်သျှမ်းနီစာပေယဥ်ကျေးမှု ဒုတိယဥက္ကဌ ဦးဆန်းဦး အဖမ်းခံထားရတာ ရက်ပေါင်း(၂၀)ကျော် ကြာခဲ့ပေမယ့်လည်း သူ့ကို လွတ်မြောက်လာရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတစ်စုံတစ်ခုမှ မရှိသေးကြောင်း သိရပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းမှာ ၂၀၂၁ ခုနှစ်မှ စပြီး ၂၀၂၃ ခုနှစ်အထိ ရှမ်းနီလူငယ်များ ၊ သံဃာတော်များ ၊ အရပ်သားများ ဖမ်းဆီးခံခဲ့ရပြီး တချို့ ပြန်လည်လွတ်မြောက်လာသော်လည်း တချို့မှာ သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းမှတ်တမ်းများအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *