ဗန်းမောက်မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို SNA ပြန်လည်သိမ်းပိုက် 

ဗန်းမောက်မြို့ ပြည်သူ့ဆေးရုံရှေ့တွင် တွေ့ရသည့် SNA တပ်မဟာ 614 တပ်ဖွဲ့များ/ Credit _SNA 614

ဖေဖော်ဝါရီ ၂ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်စိုးမိုးထားတဲ့ ဗန်းမောက်မြို့ပေါ်ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA) က မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို ပြန်လည်ထိန်းချုပ်လိုက်ကြောင်း သိရပါတယ်။ 

“ အောင်သာကုန်းပဲကျန်တယ်။ကျန်တာကတော့ အကုန်ရပြီ။ ဆေးရုံ၊ ဘောလုံးကွင်းတွေရပြီးပြီ” လို့ ဗန်းမောက်မြို့က SNA နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးကပြောပြပါတယ်။ 

ဇန်နဝါရီလ (၃၁) ရက်နေ့ ညနေပိုင်းမှာ ဗန်းမောက်မြို့က ပြည်သူ့ဆေးရုံကို ထိန်းချုပ်လိုက်ပြီးနောက် မြို့ရဲ့ရပ်ကွက်အားလုံးနီးပါးကို ထိန်းချုပ်လိုက်တာလည်းဖြစ်ပါတယ်။ 

ဗန်းမောက်မြို့မှာ ရပ်ကွက် (၄) ခုရှိတဲ့ထဲမှာ  အောင်သာကုန်းရပ်ကွက်ရှိ ကုန်းပိုင်းတစ်ခုသာကျန်ရှိနေပြီး ဌာနဆိုင်ရာနေရာအားလုံးကို (SNA) က ပြန်လည်ထိန်းချုပ်လိုက်တာလို့ဆိုပါတယ်။ 

ဗန်းမောက်မြို့ကို (၂၀၂၅ )ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ NUG ရဲ့ အမှတ် (၁) စစ်ဒေသက ဦးဆောင်မှုနဲ့  KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ 

မြို့သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း မြို့နဲ့ (၃) မိုင်ဝန်းကျင်အတွင်းမှာ တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်ပွားနေခဲ့ပါတယ်။ 

တိုက်ပွဲတွေ လေးလနီးပါးကြာဖြစ်ပွားနေပြီးနောက် မြို့ပေါ်ကို (SNA )က ပြန်လည်ထိန်းချုပ်လာခဲ့တာလည်းဖြစ်ပါတယ်။ 

ထောင်နဲ့ချီတဲ့ မြို့ပေါ်ဒေသခံတွေဟာ  ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်း ၊ မြောက်ဘက်ခြမ်း ၊ ဟုမ္မလင်း နဲ့ မန္တလေးတို့မှာ လက်ရှိတိုင် စစ်ဘေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *