ဇွန်၁၃၊ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ပေါ်မှာ ဇွန်လ ၁၂ ရက်နေ့ည (၁၀) နာရီခွဲအချိန်မှာ မိုင်း(၃) လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဗန်းမောက်-ဝန်းသို မြို့ချင်းဆက်လမ်း အောင်သာကုန်းတံတားအနီးက စားသောက်ဆိုင်တစ်ဆိုင်မှာ တစ်လုံးပေါက်ကွဲခဲ့ပြီး ဆိုင်ရဲ့ မှန်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အဲ့အနီးပတ်ဝန်းကျင်ကဒေသခံတစ်ဦးက ဆိုပါတယ်။
“ သုံးလုံးကွဲတာတော့မှန်တယ်။ငါတို့ဗန်းမောက်အောင်သာကုန်းတံတားနားကစားသောက်ဆိုင်အဲ့စားသောက်ဆိုင်ဧကရာဇ်စားသောက်ဆိုင်အဲ့ဆိုင်ကမှန်တွေနဲ့လုပ်ထားတော့အဲ့မှန်တွေနည်းနည်းကွဲသွားတာပါ့။ကျန်တဲ့နှစ်လုံးကဘယ်နားကွဲသလဲဆိုတာသေချာမသိသေးဘူး” လို့ဒေသခံတစ်ဦးကပြောပြပါတယ်။
မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး တစ်လုံးပေါက်တဲ့နေရာကိုသာ အတိအကျသိရပြီး ကျန်တဲ့ နှစ်လုံးပေါက်တဲ့နေရာကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲပြီးတဲ့နောက် ဗန်းမောက်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်းမှာရှိနေတဲ့ စစ်သားတွေက ဗန်းမောက်အရှေ့ဘက်နဲ့ အနောက်ဘက် မိုးပေါ်ထောင်ပြီး ပစ်ဖောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒီမိုင်းခွဲမှုက ဘယ်သူ့လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဗန်းမောက်မြို့နယ်မှာ အာဏာသိမ်းပြီးကတည်းက ဒီနေ့ထိ မိုင်းပေါက်ကွဲမှု အနည်းဆုံး (၁၀) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီလည်းဖြစ်ကြောင်း ရှမ်းနီအသံ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။